ကန်ကြီးရဲစခန်း တိုက်ခိုက်ခံရ၊ ရဲ ငါးယောက်သေဆုံး
2023.09.09

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်က ကန်ကြီးနယ်မြေရဲစခန်းကို စက်တင်ဘာလ ၉ ရက်နေ့က ဘာမြူဒါစုပေါင်းအဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေ စခန်းသိမ်းတိုက်ပွဲအနေနဲ့ တိုက်ခိုက်ခဲ့ပေမဲ့ ကျည်မလောက်တာကြောင့် မသိမ်းခဲ့နိုင်ဘူးလို့ ဘာမြူဒါအဖွဲ့တာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကလေးတစ်ယောက်ကို ကျည်ခြောက်ဆယ်ထည့်ပေးထားတယ်၊ မောင်းပြန်ငါးလက်နဲ့ မိုင်းနဲ့ ထည့်ပေးပြီး သိမ်းခိုင်းလိုက်တယ်၊ စခန်းတော့ မသိမ်းလိုက်နိုင်ဘူး၊ အဲထဲမှာရှိတဲ့ ရဲ ခုနစ်ယောက်မှာ ငါးယောက်လောက်တော့ ပစ်ခဲ့နိုင်တယ်၊ ကျည်မလောက်တော့ စခန်းတော့ မသိမ်းခဲ့နိုင်ဘူး၊ ကလေးတွေကတော့ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်တယ်"
ဒီရဲစခန်းကို စီးနင်းခဲ့တဲ့ ဘာမြူဒါအဖွဲ့မှာ ပြည်ခရိုင် ၃၆၀၂ တပ်ရင်း၊ သရက်ခရိုင် အမှတ် ၂ တပ်ရင်း၊ သရက်ခရိုင် အမှတ် ၃ တပ်ရင်း၊ UPRF အဖွဲ့ ပါဝင်တယ်လို့ ဆိုပါတယ်။
ရဲစခန်း ဝင်ရောက်စီးနင်းခံရတာနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို၊ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့် ရှိသူတိုင်းစီးပွားရေး ဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။