ကြို့ပင်ကောက်မှာ ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရပြီး နေအိမ်တချို့ မီးရှို့ခံရ

RFA Burmese
2024.10.29
ကြို့ပင်ကောက်မှာ ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရပြီး နေအိမ်တချို့ မီးရှို့ခံရ ပဲခူးတိုင်းအ​နောက်ခြမ်း၊ ကြို့ပင်​ကောက်မြို့နယ်၊ ​အေးရွာ​​လေးက ​နေအိမ်များ မီးရှို့ခံရသည်ကို ​၂၀၂၄ ခုနှစ်၊ ​အောက်တိုဘာလ ၂၉ ရက်​နေ့က ​တွေ့ရစဥ်။
Citizen Photo

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် အောက်တိုဘာလ ၂၉ ရက် ဒီကနေ့မနက်မှာ အမျိုးသား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ် ခုနှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၁၅ဝ ခန့်ရှိတဲ့ အေးရွာလေးကို စစ်ကောင်စီက ဝင်ရောက်တပ်ဆွဲပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်ပေါင်း ခုနစ်လုံး မီးရှို့သွားတယ်ဗျ။ သူတို့ ထင်တဲ့အိမ်တွေ ရွေးရှို့သွားတာ။ အိမ်ကြီးအိမ်ကောင်းတွေကြီးပဲဗျ။ ကျစွာဘုန်းကြီးကျောင်းထဲမှာ ပြည်သူအယောက် ခြောက်ဆယ်ပိတ်မိတဲ့ အထဲမှာမှ အခုမနက် အရပ်သား ၁၅ ယောက်ကို ဖမ်းခေါ်သွားတယ်ဗျ”

အဲဒီလူတွေကို ပျူစောထီးအဖွဲ့တွေရှိနေတဲ့ ကွင်းချောင်းရွာကို ဖမ်းခေါ်သွားတယ်လို့ သူက ပြောပါတယ်။

အေးရွာလေးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၈ ရက် ည ၆ နာရီခန့်က ရွာလယ်ခေါင်ကနေ မီးစရှို့ခဲ့ပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်တယ်လို့ သံသယရှိတဲ့ နေအိမ်တွေကို ရွေးပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့က အဲဒီစစ်ကြောင်း ဝင်ရောက်လာချိန်မှာတော့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကြိုပင်ကောက်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်၊၊

“စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တယ်။ နှစ်ရက် တိုက်ပွဲဖြစ်ပြီးတော့ ကျွန်တော်တို့ ခွာပေးလိုက်တဲ့ အချိန်မှာ စစ်တပ်က ရွာထဲတပ်ဆွဲလိုက်တာဗျ”

အဲဒီတိုက်ပွဲကြောင့် ဒေသခံတွေက အေးရွာလေးထိပ်က ကျစွာဘုန်းကြီးကျောင်းမှာ တိမ်းရှောင်ခိုလှုံနေချိန် စစ်ကောင်စီတပ်က ရွာကိုတပ်စွဲလိုက်တာကြောင့် ပိတ်မိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ အေးရွာလေးရွာက လူထက်ဝက်ခန့်က ကြို့ပင်ကောက်မြို့ပေါ် ကို ရှောင်တိမ်းနေကြရသလို တချို့က တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်၊၊

ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီတပ်က ကြို့ပင်ကောက်နဲ့ အုတ်ဖိုမြို့နယ်အစပ်က ရွာတွေကို စစ်ကြောင်းထိုးနေပြီး အုတ်ဖိုမြို့နယ်မှာတော့ အမျိုးသား သုံးဦးသတ်ဖြတ်ခံရပြီး နေအိမ်လေးဆယ်ခန့် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။