ဘန်ကောက်သင်္ကြန်မှာ မြန်မာစစ်ခေါင်းဆောင်ကို လူငယ်တွေလှောင်ပြောင်ကြွေးကြော်
2023.04.15
သင်္ကြန်ရက်အတွင်း ဘန်ကောက်မြို့မှာ ရေပက်ခံသူတွေနဲ့ စည်ကားနေပါတယ်။ ဘန်ကောက်မှာ ရေပက်ကြတာက မြန်မာနိုင်ငံမှာလို လမ်းမတွေပေါ်မှာ မဏ္ဍပ်ထိုး ရေပက်တာမျိုးမဟုတ်ဘဲ သတ်မှတ်ထားတဲ့လမ်းတွေမှာ လမ်းလျောက်ရေပက်ကစားကြတာဖြစ်ပါတယ်။
ဘန်ကောက်မြို့က အထင်ကရ လမ်းလျောက်ရေပက်ကစားတဲ့နေရာကတော့ ခေါက်ဆန်ဆိုတဲ့ အရပ်ဖြစ်ပါတယ်။
အဲဒီနေရာမှာ အဓိက ရေကစားကြတာ ကမ္ဘာလှည့်ခရီးသည်တွေဖြစ်ပြီး သူတို့အတွက် ထူးခြားတဲ့ အတွေ့အကြုံသစ်တစ်ခုအဖြစ် ပါဝင်ဆင်နွှဲနေကြတာပါ။
ဘန်ကောက်မြို့က လူစည်ကားတဲ့ နောက်နေရာတစ်ခုကတော့ လက္ကားကုန်တိုက်ကြီးတစ်ခုဖြစ်တဲ့ Big C ဆိုတဲ့ နေရာနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ Central World ကုန်တိုက်ရှေ့မှာ ဖြစ်ပါတယ်။
သင်္ကြန်အကြတ်နေ့က အဲဒီနေရာတွေမှာ ထောင်သောင်းချီရှိနေတဲ့ လူအုပ်တွေနဲ့ တိုးမပေါက်ပေါက်အောင်ရှိနေခဲ့ပါတယ်။
Big C ဆိုင်ရှေ့က ရေပိုက်နဲ့ ပက်ဖြန်းပေးနေတဲ့နေရာကို မြန်မာလူငယ်တွေ ရာပေါင်းများစွာလာရောက်ခဲ့ပါတယ်။
သူတို့က အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်ဆဲဆိုတဲ့ ကြွေးကြော်သံတွေအော်ဟစ်ရင်း သင်္ကြန်ပွဲကို တပျော်တပါး ဆင်နွှဲခဲ့ကြပါတယ်။
ဘေးကကြည့်နေသူတွေထဲမှာလည်း အများစုက မြန်မာနိုင်ငံသားတွေပါ။ အဲဒီအနီးမှာရှိတဲ့ Sky Walk ဘူတာစင်္ကြန်လူသွားလမ်းပေါ်က တစ်နေရာမှာတော့ အလှူခံနေကြသူတွေတချို့ကို တွေ့မြင်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ T Shirt အနီတွေဝတ်ထားပြီး သူတို့က မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ PDF တွေနဲ့ စစ်ဘေးဒုက္ခသည်ကလေးတွေအတွက် အလှူခံနေကြတာလို့ ပြောပါတယ်။