ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ မြေအောက်လိုဏ်ခေါင်း ခုနစ်ခု ရှိ

RFA Burmese
2023.01.30
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ မြေအောက်လိုဏ်ခေါင်း ခုနစ်ခု ရှိ ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တစ်နေရာကို ၂ဝ၁၈ ခုနှစ် သြဂုတ်လက တွေ့ရစဉ်။
AFP

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ကြား ပိုင်ဆိုင်သူမဲ့မြေမှာ မြေအောက်လိုဏ်ခေါင်းတွေ တွေ့ရှိရပြီး ARSA ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ဝင်တွေက သုံးတယ်လို့ ရိုဟင်ဂျာနဲ့ ဒေသတွင်းသတင်းရပ်ကွက်တွေက ပြောကြားလိုက်ပါတယ်။

တူရကီ AA သတင်းမှာ ဇန်နဝါရီလ ၃ဝ ရက်နေ့က ဖော်ပြတာဖြစ်ပြီး ပြန်ပေးဆွဲထားတဲ့လူတွေကို လိုဏ်ခေါင်းတွေထဲ ဖမ်းတောင်ဖမ်းဆီးထားတယ်လို့ ရိုဟင်ဂျာတစ်ယောက်က ပြောပါတယ်။ ဒီလိုဏ်ခေါင်းတွေက သွားရင် မြန်မာ့နယ်နိမိတ်ကိုရောက်တယ်လို့လည်း ဆိုပါတယ်။

ဒီလိုရှိပေမယ့် နယ်စပ်ဥပဒေအရ နှစ်နိုင်ငံကြားက ပိုင်ဆိုင်သူမဲ့မြေကို စစ်ဆေးကြည့်ဖို့ နယ်ခြားတပ်တွေ စေလွှတ်နိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ ဒေသတာဝန်ရှိသူတစ်ယောက်က AA သတင်းကို ပြောပါတယ်။

ရိုဟင်ဂျာတွေ အစောပိုင်းတုန်းက နေထိုင်တဲ့ ယာယီတဲတွေက အဲဒီနေရာမှာရှိပြီး လိုဏ်ခေါင်းတွေရှိတယ်လို့ မီဒီယာတွေက ဖော်ပြလို့ သိရတဲ့အကြောင်းလည်း ပြောပါတယ်။

အာဆာအဖွဲ့ဝင်နှစ်ယောက်ကို ဒေသတွင်းရုပ်သံတစ်ခုက မေးမြန်းတဲ့အခါ မြေအောက်လိုဏ်ခေါင်း ခုနစ်ခုရှိပြီး တစ်ခုကို အာဆာခေါင်းဆောင်၊ နောက်တစ်ခုကို ဒု-ခေါင်းဆောင်က သုံးပြီး ကျန်လိုဏ်ခေါင်းတွေကို လက်နက်လုပ်ဖို့နဲ့ တခြားကိစ္စတွေအတွက် သုံးတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို လွယ်လွယ်ကူကူသွားနိုင်အောင် မြေအောက်လိုဏ်ခေါင်းတူးထားတာလို့လည်း အာဆာအဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။