မောင်တောမှာ ဘင်္ဂလားဒေ့ရှ်က ပြန်၀င်လာတဲ့ ရိုဟင်ဂျာတချို့ ဖမ်းဆီးခံရ
2023.09.21

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲကို ပြန်လည်ဝင်ရောက် လာတဲ့ ရိုဟင်ဂျာ ငါးဦးကို စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီရဲ့ နယ်မြေခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့နယ်အတွင်းမှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုနေဇာမူဒိန်၊ ဇနီးမောင်နှံတွေဖြစ်ကြတဲ့ အသက် ၃၁ နှစ်အရွယ် ကိုအဒူဟောက်၊ မဆော်လေမာနဲ့ သူတို့ရဲ့ ကလေးနှစ်ဦး စုစုပေါင်း ငါးဦး ဖမ်းဆီးခံခဲ့ရတာပါ။
ဖမ်းဆီးရမိသူတွေကိုတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု လဝကအက်ဥပဒေနဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အခုဖမ်းဆီးခံရသူတွေဟာ ယခင်က မောင်တောမြို့နယ်အတွင်း နေထိုင်ခဲ့ကြသူတွေ ဖြစ်တဲ့အတွက် ပြန်လည်စိစစ်ပြီး လွှတ်ပေးစေချင်တယ်လို့လည်း မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်းရွာမှာနေထိုင်တဲ့ ရိုဟင်ဂျာ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
“ဟိုဘက်မှာလည်း နေလို့မရဘူး။ ဒီဘက်မှာလည်း ဝင်လို့မရဘူး။ ဒါကြောင့် ဒီလူတွေက အားကိုးရာမဲ့ဖြစ်နေကြပါတယ်”
အခုရက်ပိုင်းတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ဝင်လာကြတဲ့ ရိုဟင်ဂျာတွေကို နယ်မြေခံ နယ်ခြားစောင့်ရဲတွေက ဖမ်းဆီးပြီး လ၀ကဥပဒေနဲ့ ထောင်ချခံရသူတွေလည်းရှိသလို အာမခံနဲ့ ပြန်လွတ်လာသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းရွာမှာ နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာလူငယ်သုံးဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မောင်တောမြို့နယ်ကို ပြန်လည်ဝင်ရောက်ချိန် နယ်ခြားစောင့်ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။