ဘင်္ဂလားဒေ့ရှ် ဆိုင်ကလုန်းမုန်တိုင်း ရိုဟင်ဂျာတွေစိုးရိမ်နေ

RFA Burmese
2024.05.26
ဘင်္ဂလားဒေ့ရှ် ဆိုင်ကလုန်းမုန်တိုင်း ရိုဟင်ဂျာတွေစိုးရိမ်နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ခူခါတာ ကမ်းခြေတစ်နေရာအား ၂ဝ၂၄ ခုနှစ် မေလ ၂၆ ရက်နေ့ ညနေပိုင်းက မြင်တွေ့ရစဉ်။
Photo: AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ဖို့ ရှိနေတာကြောင့် လူရှစ်သိန်းကျော် ဘေးလွတ်ရာပြောင်းရွှေ့နေရတယ်လို့ AP သတင်းက ဖော်ပြပါတယ်။

မေလ ၂၆ ရက် ဒီနေ့ တနင်္ဂနွေနေ့ညသန်းခေါင်ပိုင်းမှာ မုန်တိုင်းဝင်ရောက်နိုင်ပြီး၊ တစ်နာရီ ၈၅ မိုင်လေတိုက်နှုန်းလောက်အထိ ရိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက ပြောထားပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနေတဲ့ ကော့ဆက်ဘဇားခရိုင်ကိုလည်း မုန်တိုင်းဝင်ရောက်မှာဖြစ်ပြီး၊ ကော့ဆက်ဘဇားကို သွားလာနေတဲ့ လေကြောင်းလိုင်းတွေကိုလည်း ရပ်နားထားတယ်လို့ သတင်းက ဖော်ပြပါတယ်။

လက်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မုန်တိုင်းဝင်လာမဲ့ဒဏ်ကို စိုးရိမ်နေကြပြီး၊ စခန်းတွင်း မြေပြိုကျနေတဲ့ နေရာကလူတွေကို အကူအညီပေးရေးအဖွဲ့တွေက ပြောင်းရွှေ့ပေးထားတယ်လို့ ရိုဟင်ဂျာတစ်ဦးက RFA ကိုပြောပါတယ်။

"ဒုက္ခသည်စခန်းမှာ ကြောက်စိတ်နဲ့ နေနေကြရတယ်။ အခု Signal ၉ အထိ သတိပေးထားတယ်၊ ဒုက္ခသည်စခန်းမှာ အိမ်တွေက ဝါးနဲ့ ဆောက်ထားတယ်ဆိုတော့ မခိုင်ခံ့ဘူး။ လေပြင်းထန်ရင် ခေါင်မိုးတွေ လေယူရာ ပါသွားနိုင်ပြီး မိုးသည်းသည်းမဲမဲ ရွာရင်လည်း ရေလျှံမယ်။ မြေနိမ့်တဲ့နေရာမှာလည်း တဲအိမ်တွေရှိကြတယ်။ ပြီးရင် မြေပြိုပြီး လူတွေနှစ်စဉ်သေနေတော့ ဒါတွေကို စိုးရိမ်နေကြတယ်" လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတော့ မုန်တိုင်းဒဏ်ကာကွယ်ဖို့ ကယ်ဆယ်ရေးစခန်းပေါင်း လေးထောင်ဖွင့်ထားတယ်လို့ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ ကုန်းနိမ့်ပိုင်းဖြစ်တဲ့ ဘာဆန်ချာကျွန်းမှာလည်း လက်ရှိ ရိုဟင်ဂျာဒုက္ခသည် အယောက် သုံးသောင်းခြောက်ထောင်ကျော် ခိုလှုံနေပါတယ်။ အဲဒီလူတွေအတွက် ကယ်ဆယ်ရေးစခန်း ၅၇ လုံးဆောက်ထားပေးတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ ဒုတိယအကြီးအကဲ Mohammad Rafiqul Haque က AFP သတင်းဌာနကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။