ဗန်းမောက်မြို့နယ်မှာ လေကြောင်းဗုံးကြောင့် အရပ်သားနှစ်ဦး သေဆုံး

RFA Burmese
2023.05.26
Share on WhatsApp
Share on WhatsApp
ဗန်းမောက်မြို့နယ်မှာ လေကြောင်းဗုံးကြောင့် အရပ်သားနှစ်ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် တစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ မေလ ၂၅ ရက် မနေ့ညက စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်ကန်ကျေးရွာက ဒေသခံနှစ်ဦးသေဆုံးပြီး နေအိမ်ခြောက်လုံး ပျက်စီးသွားတယ်လို့ PDF အဖွဲ့တစ်ခုဖြစ်တဲ့ Bamauk Revolution-Br က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး မနေ့ည ၉ နာရီကျော်က နောင်ကန်ရွာထဲကို ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့က ဗန်းမောက်မြို့နယ်ထဲက အခြားနေရာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပေမယ့် ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့ နောင်ကန်ရွာဘက်မှာတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ Bamauk Revolution-Br ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

“မနေ့ကတော့ တိုက်ပွဲတွေဖြစ်သေးတယ်။ ဗန်းမောက်မြို့နယ် နယ်နိမိတ်ထဲမှာတွေရော ဗန်းမောက်အပြင်ဘက်တွေရော တိုက်ပွဲတော့ဖြစ်တယ်။ ဒီနေ့ကတော့ ငြိမ်နေတယ်။ ပြည်သူတွေသေတာက မနေ့ည ၉ နာရီကျော်မှာ လေယာဉ်နဲ့လာချတဲ့အချိန် ထိပြီး သေသွားတာ”

ဗန်းမောက်မြို့နယ်မှာ ကြောင်လည်ရွာနဲ့ မံထွန်ရွာဘက်မှာ အခြေပြုနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသား တပ်မတော်(SNA) တပ်တွေကို PDF တွေက မေလ ၂၀ ရက်နေ့ကစလို့ တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီတပ်ကတော့ မေလ ၂၀ ရက်နေ့ ကနေ ၂၄ ရက်ထိ လေးရက်တိုင် ဂျက်တိုက်လေယာဉ်တွေနဲ့ လာရောက် တိုက်ခိုက်ခဲ့တယ်လို့လည်း သူကပြောပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ကြောင်လည်၊ မံထွန်၊ မံစီကြီး၊ မံလူ၊ ကံကြီးကုန်း အစရှိတဲ့ ဗန်းမောက် အနောက်ဘက်ခြမ်းရွာတွေက ဒေသခံတစ်သောင်းကျော်ခန့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။

မေလ ၂၄ ရက်နေ့ကတော့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု များခဲ့တာကြောင့် မေလ ၂၅ ရက်နေ့မှာ သူတို့အခြေပြုရာ ကြောက်လည်ရွာ ပြန်လည်ထွက်ခွာသွားတယ်လို့လည်း ဆိုပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။