၁၀၅ မိုင်မှာ သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ကလေးတွေ အပါအဝင် လေးဦးသေဆုံး
2023.11.28
တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့ နိုဝင်ဘာလ ၂၈ ရက် ဒီနေ့မနက်အထိ တိုက်ပွဲ ဆက်ပြင်းထန်နေပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ လက်နက်ငယ်ကြောင့် ကလေးသုံးဦး အပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၈ ရက် ဒီနေ့မနက်ပိုင်း ကုန်းသွယ်ရေးဇုန်အတွင်း စစ်ကောင်စီတပ် စခန်းကုန်း အောက်ဘက်မှာရှိတဲ့ အဆောက်အအုံတွေထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တွေ အပါအဝင် ဆယ်ဦးခန့်ပါ ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
အဲဒီအထဲမှာ အိမ်စီးကား တစ်စီးလည်း ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါသူတချို့ ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် လူနာသယ်လို့ မရသေးဘူးလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မူဆယ်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲက တော်တော် ပြင်းထန်နေတာဗျ။ အခုမနက် အိမ်စီးကားထဲမှာ သေနတ်မှန်တဲ့ လူနာ ရှိတာတောင် သယ်ဖို့ ခက်နေတာ။ လက်နက်ကြီးကျတာက ထိခိုက်တဲ့အထဲ ကလေးတွေရော ပါတယ်။ ဆယ်ယောက် ထိခိုက် ဒဏ်ရာရတယ်ဗျ”
နိုဝင်ဘာလ ၂၆ ရက်ကတည်းက (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ် စခန်းကုန်းကို မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့က တိုက်ခိုက်နေတာပါ။
စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးအပြင် လေကြောင်းနဲ့ပါ ပြန်လည် တိုက်ခိုက်နေပြီး နိုဝင်ဘာလ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့ တိုက်ပွဲအတွင်း (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှာရှိတဲ့ နွားခြံ အတွင်းကို လေကြောင်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ကလေးငယ်သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကလေးတွေက ၁၄ နှစ်၊ ခုနစ်နှစ်၊ ငါးနှစ်အရွယ် ကောင်လေးတွေပါ။ ငါးနှစ် ကောင်လေးက ဆေးရုံမှာ ဒီနေ့ ဆုံးသွားတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ မနေ့ကတည်းက ဆုံးသွားတာ”
တိုက်ပွဲ စပြင်းထန်တဲ့ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းကလည်း (၁၀၅) မိုင် ကမ္ဘောဇဘဏ် အနီးက အိမ်တန်းလျားပေါ်ကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ကားဆရာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြန်ကြားရေးတာဝန်ခံ လီကျားဝမ်ကတော့ မူဆယ်မြို့နယ် အတွင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း မူဆယ်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေတာရှိတယ်လို့ အခုရက်ပိုင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖွဲ့စလုံးရဲ့ ထိခိုက်သေဆုံးမှုကိုတော့ နှစ်ဖက်စလုံးက ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။