တိုက်ပွဲတွေကြောင့် မြို့နယ်ငါးခုမှာ ART ဆေးထုတ်ယူဖို့ ခက်ခဲနေ

RFA Burmese
2024.09.09
တိုက်ပွဲတွေကြောင့် မြို့နယ်ငါးခုမှာ ART ဆေးထုတ်ယူဖို့ ခက်ခဲနေ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့တွင်းတစ်နေရာကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်းထဲက တမူး၊ ကလေး၀၊ မင်းကင်း၊ ဖောင်းပြင်နဲ့ မော်လိုက် စတဲ့ မြို့နယ်ငါးခုမှာ တိုက်ပွဲတွေ ဖြစ်နေတာနဲ့ သွားလာရေး ခက်ခဲနေတာကြောင့် HIV ရောဂါရှိသူတွေ သောက်သုံးရတဲ့ ART (Anti Retroviral Therapy) ဆေးဝါးထုတ်ယူဖို့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၉ ရက်နေ့မှာ ပြောပါတယ်။

လက်ရှိမှာ အဲဒီမြို့နယ်ငါးခုမှာရှိနေတဲ့ ဒေသခံတွေက ART ဆေးကို ကလေးမြို့မှာ လာရောက်ထုတ်ယူနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်နေတာ၊ သွားလာရေးလမ်းတွေမှာ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုတွေ ရှိနေတာနဲ့ မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေးမကောင်းတာတွေကြောင့် သွားရောက် မထုတ်ယူနိုင်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် တိုက်ပွဲတွေငြိမ်နေပြီး လမ်းအခြေအနေကောင်းတဲ့ အချိန်မှာပဲ ဆေးကိုထုတ်ယူဖြစ်တယ်လို့ မင်းကင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆေးက သုံးလ တစ်ခါ၊ နှစ်လ တစ်ခါ ထုတ်ရတယ်လေ၊ ဆေးထုတ်ရမဲ့ရက်နဲ့ သွားမဲ့လမ်းမှာ တိုက်ပွဲတွေ ဖြစ်တာနဲ့ တိုက်ဆိုင်ရင်တော့ မသွားဖြစ်ဘူး။ ဆေးရှိသေးတဲ့သူဆီက မျှဝေခိုင်းရတာ၊ အဲဒီလို မရှိတော့တဲ့အခါ ဆေးပြတ်သွားတော့လည်း မသောက်ပဲနေရတာတွေလည်း ရှိတယ်”

ကလေးမြို့မှာတော့ HIV ရောဂါနဲ့ ပတ်သက်တဲ့ ဆေးမှတ်တမ်းတွေပါလာရင် ART ဆေးကို ထုတ်ပေးနေပြီး ကိုယ်စားထုတ်ယူခွင့်လည်းပြုတယ်လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဆေးထုတ်ယူဖို့ ခက်ခဲနေတဲ့ မြို့နယ်တွေမှာ ART ဆေးသောက်နေရသူ တစ်ထောင်ခန့်ရှိတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြကြပြီး အရေအတွက် အသေးစိတ်သိနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲဖြစ်နေသလို စစ်ကောင်စီကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေထံ အထောက်အပံ့တွေ မရောက်နိုင်အောင်ဆိုပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင်ထားတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။