ဖာပွန်ခရိုင်မှာ မေလအတွင်း တိုက်ပွဲအကြိမ်နှစ်ရာဖြစ်ခဲ့တယ်လို့ KNLA ထုတ်ပြန်

RFA Burmese
2023.06.03
ဖာပွန်ခရိုင်မှာ မေလအတွင်း တိုက်ပွဲအကြိမ်နှစ်ရာဖြစ်ခဲ့တယ်လို့ KNLA ထုတ်ပြန် ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် မြဝတီမြို့နယ်ရှိ တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့်ကလေးငယ်အချို့အား ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်‌နေ့က တွေ့ရစဉ်။
KIC

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၅) နယ်မြေမှာ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း တိုက်ပွဲအကြိမ်နှစ်ရာ ဖြစ်ခဲ့တယ်လို့ KNLA တပ်မဟာ (၅) က ဇွန်လ ၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

တစ်လကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ ဝင် ၁၂၂ ဦး သေဆုံးခဲ့ပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်နဲ့ BGF ဘက်က တပ်ခွဲမှူးတစ်ဦး၊ ဒုတပ်ခွဲမှူးနှစ်ဦး၊ တပ်ကြပ်ကြီး သုံးဦးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအရေအတွက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်နဲ့ရိက္ခာ ထောက်ပံ့ပို့ဆောင်ရေးယာဉ်ခြောက်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး မြင်းလားခြောက်ကောင်ကိုပါ သုတ်သင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

KNLA တပ်မဟာ (၅) ဘက်က ရဲဘော်နှစ်ဦး‌ သေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဖာပွန်ခရိုင်တွင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထုတ်ပြန် ကြေညာတာ မရှိသေးသလို RFA က စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးကတော့ KNU ရဲ့ တပ်မဟာခုနစ်ခုအတွင်း တပ်မဟာ (၅) မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ နေ့စဉ် ရက်ဆက်တိုက်ပွဲ ဖြစ်နေတဲ့အတွက် စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်အထိတိုးလာတယ်လို့ ၂၀၂၃ ခုနှစ်၊ မေလဆန်းပိုင်းမှာ ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။