ရေဖြူမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံငါးရာနီးပါး ထွက်ပြေးနေရ

RFA Burmese
2023.06.03
ရေဖြူမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံငါးရာနီးပါး ထွက်ပြေးနေရ KNU တပ်ဖွဲ့ဝင်အချို့အား ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။
KIC

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲက လော့သိုင်းရွာအနီးမှာ KNU၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား မေလ ၃၁ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲ ပြင်းထန် နေတာကြောင့် လော့သိုင်း၊ သဲချောင်း၊ မျောက်လျှော စတဲ့ရွာတွေက ဒေသခံငါးရာနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ရေဖြူဒေသခံတွေက ပြောပါတယ်။

မေလ ၃၁ ရက်ညက နှစ်ဖက်တိုက်ပွဲစဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတွေရှိလာတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဖြူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒေသခံတွေကတော့ ရှောင်ရှားနေရတာ။ တောထဲတွေပြေးနေရတယ်။ ဒီနေ့အထိ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ"

နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ဒေသဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နဲ့ မွန်ပြည်သစ်ပါတီတို့ ထိန်းချုပ်ရာနယ်မြေအကြား ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီစစ်ဒေသ ပြန်ကြားရေးတာဝန်ခံကလည်း အဲဒီတိုက်ပွဲဖြစ်နေတာမှန်ကန်တယ်လို့ RFA ကို အတည်ပြုပေမယ့် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲလို့ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ တနင်္သာရီ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ကတော့ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ တနင်္သာရီတိုင်းထဲမှာ စစ်ဘေးဒုက္ခသည် ၃၀,၀၀၀ အထိရှိလာပြီလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။