နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း တစ်သောင်းနီးပါး ဖြစ်ခဲ့ကြောင်း NUG ပြော

RFA Burmese
2023.09.07
နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း တစ်သောင်းနီးပါး ဖြစ်ခဲ့ကြောင်း NUG ပြော ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တော်ဝိကျေးရွာအနီးမှာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်ခဲ့သည့် Spring Warriors Column တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Spring Warriors Column

နိုင်ငံတစ်ဝန်းမှာ ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း တစ်သောင်းနီးပါး (၉၉၀၀ ကြိမ်ခန့်) ဖြစ်ပွားခဲ့ပြီး စစ်ရေးဗျူဟာမှာလည်း ခံစစ်ကနေ အကြိုထိုးစစ်ကာလကို ကူးပြောင်းနိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက် ဒီနေ့ထုတ်ပြန်တဲ့ ခုခံစစ် နှစ်နှစ်ပြည့် အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

နှစ်နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း တစ်သောင်းနီးပါးအတွင်းမှာတော့ စစ်ကောင်စီတပ်သား သုံးသောင်းခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီသေဆုံးမှု အရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

NUG ရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အရေအတွက်ကို ဖော်ပြပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဘက်က ထိခိုက်သေဆုံးမှု အရေအတွက်ကို ထုတ်ပြန်တာ မရှိပါဘူး။

ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့တော့ ခုခံစစ်ပထမနှစ်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့ရတဲ့ “မဟာဗျူဟာ ခံစစ်ကာလ”အဖြစ်ဖြတ်သန်းခဲ့ရပြီး ဒုတိယနှစ်မှာတော့ တန်ပြန်ထိုးစစ် ပြင်ဆင်တဲ့ “မဟာဗျူဟာ အကြိုထိုးစစ်ကာလ”ကို ကူးပြောင်းနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက မဟာဗျူဟာ ထိုးစစ်အတွက် ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီတပ်ရဲ့ စစ်ရေးအခြေအနေဟာ မဟာဗျူဟာထိုးစစ်ကနေ မဟာဗျူဟာခံစစ်ကို လျော့ကျသွားပြီလို့လည်း ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ ဝိုင်းပိတ်ဆို့ထားတဲ့ မြို့ပြတွေနဲ့ စစ်ကောင်စီ တပ်စခန်း ဌာနချုပ်တွေ ပတ်ပတ်လည်က လမ်းတံတားတွေကို ဖျက်ဆီးတာ၊ မိုင်းကွင်းကာရံတာတွေကို ပိုမို လုပ်ဆောင်လာကြတယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ စစ်တပ်နဲ့ ရဲအင်အားတွေ တိုးချဲ့ပြီး ခံစစ်ပြင်ဆင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အချိန်နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း၊ တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းထားနိုင်ခဲ့ပြီလို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။