ဘီးလင်းမှာရေကြီးတာကြောင့် လူနှစ်ရာကျော် နေရာရွှေ့ပြောင်း
2024.07.25
မွန်ပြည်နယ် ဘီးလင်းမြို့မှာ မိုးများပြီး မြစ်ရေကြီးနေတာကြောင့် မြို့ပေါ်ရပ်ကွက် ငါး ခု ရေကြီးနစ်မြုပ်နေပြီး လူ နှစ်ရာကျော် နေအိမ်တွေကနေ ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကို ပြောပါတယ်။
မြစ်ရေတက်လာလို့ လူတွေကို ရွှေ့ပြောင်းပေးနေရကြောင်း ဘီးလင်းမြို့နယ် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးလွင်ဦးက ပြောပါတယ်။
"လက်ရှိတိုးပြီးမြုပ်နေတာနဲ့ဆိုရင် အိမ်ခြေ ၈၀ ကျော်သွားပြီ၊ လူကတော့ နှစ်ရာလောက်ရှိမယ်၊ ရေဘေးရှောင်စခန်းကတော့ လောလောလတ်လတ် ငါးခုလောက်ရှိမယ်"
ရေဘေးသင့်သူတွေကို အားကစားကွင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပါတယ်။
ဘီးလင်းမြို့ပေါ်က ရပ်ကွက် ၇၊ အုန်းတော၊ လေသာ၊ ဖိုးလှကြီး စတဲ့ မြို့ပေါ် ရပ်ကွက်ငါးခုလောက် နစ်မြုပ်နေပြီး ရွာတွေဘက်မှာလည်း ရေကြီးနေတယ်လို့ ဆိုပါတယ်။
လက်ရှိ ဘီးလင်းမြစ်အပေါ်ဘက်မှာ မိုးများတာကြောင့် မြစ်ရေကြီးနေပြီး ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် တစ်ပေကျော် (၃၃ စင်တီမီတာ) ကို ရောက်နေပါတယ်။ နောက်ရက်တွေမှာလည်း မြစ်ရေဟာ ဆက်တက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဓ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။