မဲပလီစခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၂၇ ဦး ဖမ်းဆီးခံရ
2025.02.04

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၂၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ပြောပါတယ်။
မဲပလီဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် လေးဆယ်လောက်သေဆုံးခဲ့တယ်လို့ အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲ တာဝန်ခံ ရဲဘော်အေးမင်းထွန်းက RFA ကို ပြောပါတယ်။
“မဲပလီစခန်းသိမ်းတိုက်ပွဲမှာ ကျတာက ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါအဝင် လေးဆယ်လောက်သေတယ်၊ သုံ့ပန်းအနေနဲ့ကတော့ စကခ-၈ က စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း ၂၇ ဦးကို ဖမ်းမိတာပေါ့၊ ထွက်ပြေးသွားတာက ဒုဗိုလ်မှူးကြီးတင်လွင်ဦးရယ်၊ ခမရ- ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးအပါအဝင် နှစ်ဆယ်လောက်တော့ ထွက်ပြေးသွားတယ်၊ အဲလူတွေကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက လိုက်လံရှင်းလင်းနေတာပေါ့နော်”
ဒီစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သုံးဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်းတွေ သိမ်းယူနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီမဲပလီဗျူဟာစခန်းဟာ ဖာပွန်မြို့နဲ့ ဗျူဟာကို အဓိက ကာကွယ်ပေးတဲ့စခန်းဖြစ်သလို ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ ၁ နဲ့ တပ်မဟာ ၅ နှစ်ခုကြားမှာရှိပြီး တပ်မဟာနှစ်ခုကြား သွားလာရေးကို ပိတ်ဆို့ထားတဲ့ အဓိကနေရာလို့လည်း ဆိုပါတယ်။
KNLA နဲ့ ပူးပေါင်းတပ်တွေဟာ အဲဒီဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီအစကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ရက်ပေါင်း သုံးဆယ်အကြာမှာ အလုံးစုံ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဗျူဟာမှာ ခမရ ၄၀၅၊ စကခ-၈ ၊ ခမရ ၄၀၉ စတဲ့ တပ်တပ်ရင်းတွေက အင်အားတစ်ရာကျော် တပ်စွဲထားတဲ့ ဗျူဟာစခန်းလို့လည်း ဆိုပါတယ်။
မဲပလီစခန်းသိမ်းခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။