ဘီးလင်းမှာ လက်နက်ကြီးကြောင့် ဒေသခံငါးဦး ဒဏ်ရာရ
2023.05.31
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အဝန်းကြီးရွာထဲကို စစ်ကောင်စီတပ်က မေလ ၂၇ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဦးပဉ္စင်းတစ်ပါး၊ကိုရင်နှစ်ပါးနဲ့ အရပ်သားနှစ်ဦး စုစုပေါင်း ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU သထုံခရိုင်မိတ်ဖက်ကြီးကြပ်မှု ကော်မတီက RFA ကို ပြောပါတယ်။
သထုံမြို့နယ်၊ ဇီးဝန်းအခြေစိုက် ၃၁၄ အမြောက်တပ်က ပစ်ခတ်ခဲ့တာလို့ KNU သထုံခရိုင် မိတ်ဖက် ကြီးကြပ်မှု ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၂၇ ရက်နေ့က မနက်ပိုင်း ၉ နာရီထိုးလောက်မှာ ဖြစ်တာ။ အဲဒီမှာ ပဉ္စင်း တစ်ပါးရယ်၊ ကိုရင်လေးက နှစ်ပါး၊ ကျောင်းတွေ ဆောက်ဖို့၊ ပြင်ဖို့ လုပ်နေတဲ့ အလုပ်သမားတစ်ယောက် ဒဏ်ရာရတယ်။ ဘုန်းကြီးကျောင်းသားတစ်ယောက်လည်း ဒဏ်ရာရတယ်။ သံဃာသုံးပါးနဲ့ အရပ်သားပြည်သူက နှစ်ယောက်ပေါ့။ အားလုံး ဒဏ်ရာရကြတာ”
နှစ်ဖက်တိုက်ပွဲ ဖြစ်တာမျိုးမရှိဘဲ စစ်ကောင်စီအမြောက်တပ်က ရွာတွေဆီကို လက်နက်ကြီးနဲ့ ပစ်တာလို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးတိုးဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ခုနှစ် မေလ ၃၀ ရက်နေ့အထိ ဒီမိုကရေစီရေး လှုပ်ရှားသူများနဲ့ ပြည်သူ စုစုပေါင်း ၃၅၉၃ ဦး သေဆုံးခဲ့ပါတယ်။