ငွေလိမ်လုပ်ငန်းက တရုတ်နိုင်ငံသား ၄၅၀ ကို ထိုင်းကတစ်ဆင့် တရုတ်ကို BGF ပြန်ပို့
2025.03.13

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက တရုတ် ငွေလိမ်လုပ်ငန်းတွေကနေ BGF တပ်ဖွဲ့က ရှာဖွေဖမ်းဆီး၊ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ၄၅၀ ကို တတိယအသုတ်အဖြစ် ဒီနေ့ မတ် ၁၃ ရက်မှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ထိုင်းအာဏာပိုင်တွေကတစ်ဆင့် တရုတ်နိုင်ငံဘက်ကို လေကြောင်းခရီး ခြောက်ကြိမ်ခွဲပြီး ပြန်ပို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်လအတွင်း ငွေလိမ်လုပ်ငန်းက အလုပ်သမားတွေကို BGF တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းရာမှာ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန် ၊ လာအို၊ ကဗ္ဘောဒီးယား၊ ဗီယက်နမ် အပါအဝင် နိုင်ငံ ၃၀ က လူပေါင်း ၇၅၂၃ ဦး ရှိပါတယ်။
အဲဒီ လူ ခုနစ်ထောင်ကျော်ထဲမှာ တရုတ်နိုင်ငံသား ၄၈၈၅ ဦး ပါဝင်ပြီး မတ် ၉ ရက်နေ့အထိ ပြန်လွှဲပို့တဲ့စာရင်းအရ BGF တပ်ဖွဲ့က ထိုင်းအာဏာပိုင်တွေကတစ်ဆင့် တရုတ်နိုင်ငံဘက် ပြန်လွှဲပို့ထားသူပေါင်း ၂၀၈၀ ဦးရှိပြီလို့ BGF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မြဝတီ BGF ကွပ်ကဲရေးရုံးနေရာမှာ ကျန်နေသေးတဲ့ တရုတ်နိုင်ငံသား ၂၈၀၅ ဦးထဲက ၄၅၀ ဦးကို ဒီနေ့ ထပ်ပြီးလွှဲပို့ပေးတာလို့ BGF ကွပ်ကဲရေးရုံး သတင်းအရင်းအမြစ်က ပြောပါတယ်။
“တရုတ် နိုင်ငံသားတွေက များတယ်။ သူတို့ချည်း ငါးထောင်နီးပါးရှိတယ်။ ပြန်ပို့ပြီးတာက မတ် ၉ ရက်အထိ ၂၀၈၀ ဦးရှိပြီ၊ အခု မတ် ၁၃ ရက်မှာ ၄၅၀ ထပ်ပို့မယ်။ ကျား ၄၃၈ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၄၅၀ ဦးပေါ့။ တရုတ် လေယာဥ်ခြောက်ကြိမ်နဲ့ တရုတ်က ပြန်သယ်နေတယ်”
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားတာ ကျန်နေသေးတဲ့နိုင်ငံစုံက နိုင်ငံခြားသားတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံအစိုးရ၊ သံရုံးတွေနဲ့ ချိတ်ဆက်ပြီး ပြန်ပို့ဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။
အဲဒီထိန်းသိမ်းထားသူတွေကို ပြန်ပို့တာပြီးသွားရင် ဒုတိယအကြိမ်အဖြစ် ငွေလိမ်လုပ်ငန်းနဲ့ လူမှောင်ခိုတိုက်ဖျက်ရေးအနေနဲ့ ရှာဖွေဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ ဆက်ပြီးပြန်ပို့မယ်လို့ မနေ့က သတင်းမီဒီယာ ရှင်းလင်းပွဲလုပ်ချိန်မှာ BGF သတင်းပြန်ကြားရေး တာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က အသိပေးပြောဆိုထားပါတယ်။