အမေရိကန်နိုင်ငံသားတွေ ဒုက္ခသည်ခေါ်ယူခွင့်ရမယ့်အစီအစဉ် သမ္မတဘိုင်ဒင်အတည်ပြု

2023.01.20
Share on WhatsApp
Share on WhatsApp
အမေရိကန်နိုင်ငံသားတွေ ဒုက္ခသည်ခေါ်ယူခွင့်ရမယ့်အစီအစဉ် သမ္မတဘိုင်ဒင်အတည်ပြု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။
Photo: Reuters

အမေရိကန်နိုင်ငံသား ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့်(Green Card) ရထားတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံကဒုက္ခသည်တွေ အပါအဝင်၊ ကမ္ဘာအရပ်ရပ်က အကူအညီလိုနေတဲ့ ဒုက္ခသည်တွေကို တာဝန်ယူပြီးခေါ်နိုင်မယ့် ပုဂ္ဂလိက အစီအစဉ်တစ်ရပ် ကို သမ္မတဂျိုးဘိုင်ဒင်က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အတည်ပြုပေးလိုက်ပါတယ်။

“Welcome Corps ဆိုတဲ့ ဒီအစီအစဉ်ကို စတင်လိုက်တဲ့အတွက် ကျနော်တို့ရဲ့ အကူအညီလိုနေတဲ့ ကမ္ဘာအရပ်ရပ်က ဒုက္ခသည်တွေကို ကြိုဆိုလက်ခံဖို့၊ ကူညီတတ်တဲ့စိတ်ဓာတ်နဲ့ စေတနာရှိကြတဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ပါဝင် လုပ်ကိုင်ပေးလာနိုင်မှာဖြစ်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြောပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်ချင်တဲ့သူတွေက ငါးယောက်အဖွဲ့၊ ဒါမှမဟုတ် ငါးယောက် ထက်ပိုတဲ့အဖွဲ့ဖွဲ့ပြီး စပွန်ဆာလို့ခေါ်တဲ့ လက်ခံကူညီမယ့်သူတွေအဖြစ် လျှောက်ထားရမှာဖြစ်ပါတယ်။ ပထမနှစ်မှာ ဒုက္ခသည်ခေါ်မယ်လို့ အဆိုပြုတဲ့သူ တစ်သောင်းကို ခွင့်ပြုဖို့ရည်ရွယ်ထားပါတယ်။

ခေါ်မယ့်သူတွေက ဒုက္ခသည်တွေရောက်လာရင် ထားမယ့်အိမ်အတွက် အိမ်လခ၊ အိမ်ထောင်ပရိဘောဂ၊ မီးဖိုချောင်သုံးပစ္စည်း၊ အဝတ်အထည်၊ စောင်နဲ့အနွေးထည်၊ စတဲ့အခြေခံလိုချက်တွေ ထောက်ပံ့ကူညီရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒုက္ခသည်တစ်ယောက်အတွက် အနည်းဆုံး ၂၂၇၅ ဒေါ်လာ ထောက်ပံ့နိုင်တယ်ဆိုတာကို ခေါ်မယ့်သူက ပြရမှာဖြစ်ပါတယ်။ ဒီကူညီငွေကို အစိုးရက ပြန်ပေးမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။

ပြောင်းရွှေ့အခြေချခွင့်ရမယ့်ဒုက္ခသည်အရည်အတွက်ကိုတော့ သမ္မတဘိုင်ဒင်က တစ်နှစ်ကို တစ်သိန်းနှစ်သောင်းခွဲ ရည်မှန်းထားတယ်လို့ဆိုပါတယ်။

အခုဆိုရင် ယူကရိန်း၊ အာဖဂန်နစ္စတန်၊ မြန်မာ၊ ဗင်နီဇွဲလားနဲ့ ဘူရ်ကီနီဖာဆို နိုင်ငံတွေကဒုက္ခသည် သန်းတစ်ရာလောက်ရှိနေတယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။