မန္တလေးက လ၀ကရုံး ဗုံးကွဲမှု နှစ်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ
2024.04.05
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်က မဟာအောင်မြေခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး (လ.၀.က) မှာ ဧပြီလ ၅ ရက် နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်တာကြောင့် လူနှစ်ဦးသေဆုံးပြီး နောက်ထပ် ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုပြင်းထန်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲမှာ လ.၀.က ဝန်ထမ်းနဲ့ အရပ်သားတွေ ပါဝင်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဖြစ်တာက နေ့လယ် ၁၂ နာရီနောက်ပိုင်းမှာဖြစ်တာ၊ သေဆုံးတဲ့သူလည်းရှိတယ်။ ဒဏ်ရာရတဲ့သူတွေလည်း တော်တော်များတယ်။ ဒဏ်ရာရတဲ့အထဲ လ၀က အရာရှိတွေလည်း ပါတယ်”
မန္တလေးက လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း လ.၀.က ရုံး ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူ ရုပ်အလောင်းနှစ်ခုကို မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ပြောပါတယ်။
သေဆုံး၊ ထိခိုက်သူတွေရဲ့ အချက်အလက် အသေးစိတ်နဲ့ ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သေဆုံးသူတွေဟာ အသက် ၂၅ နှစ်အရွယ်တွေဖြစ်တဲ့ မနီနီဝင်းနဲ့ ကိုစွဲရစ်အောင်တို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်း လုပ်ဆောင်နေတဲ့ လဝက၊ အထွေထွေအုပ်ချုပ်ရေးစတဲ့ ပါဝင်ပတ်သက်သူတွေကို မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့ (၁၂) ဖွဲ့က ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။