မြိတ်မြို့မှာ ဗုံးပေါက်ကွဲပြီး အရပ်သားတစ်ဦးသေဆုံး

RFA Burmese
2024.02.22
မြိတ်မြို့မှာ ဗုံးပေါက်ကွဲပြီး အရပ်သားတစ်ဦးသေဆုံး တနင်္သာရီတိုင်း၊ မြိတ်မြို့ ကမ်းနားလမ်းတွင် ဗုံး‌ပေါက်ကွဲခဲ့သည့်နေရာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ မြိတ်မြို့ ကမ်းနားလမ်းမှာ ဖေဖော်ဝါရီလ ၂၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးသွားတယ်လို့ မြိတ်မြို့ခံတွေက RFA ကိုပြောပါတယ်။

မြိတ်မြို့ ကမ်းနားလမ်း Seaview ကွန်ဒိုအနီးမှာ ဖွင့်ထားတဲ့ Level 3 Bar အရှေ့က အမှိုက်ပုံမှာ ဗုံးပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်နဲ့ သွားလာနေတဲ့ အသက် ၃၇ နှစ်အရွယ် ကိုဇော်လင်းဦး သေဆုံးခဲ့သလို နောက်ထပ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြိတ်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့ည ၇ နာရီ ၄၅ မိနစ်လောက်မှာဖြစ်သွားတာ။ အဲဒီနေရာက လူစည်ကားတယ်။ Seaview ကွန်ဒိုအရှေ့မှာရှိတဲ့ Level 3 Bar ပေါ့။ Bar ကတော့ ပထမအထပ်မှာရှိတာ။ ပေါက်ကွဲတာက Bar မြေညီထပ် လျှောက်လမ်းဘက်က အမှိုက်ပုံမှာ ပေါက်ကွဲတာ။ အမျိုးသားတစ်ဦးသေပြီး တစ်ဦးဆေးရုံရောက်တယ်။ သေဆုံးသူက မိတ်ကပ်အလှ ဖန်တီးရှင်ပါ”

ကိုဇော်လင်းဦးရဲ့ ရုပ်အလောင်းကိုတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ သင်္ဂြိုဟ်မယ်လို့ သူက ပြောပါတယ်။

အဲဒီဗုံးဟာ ဘယ်သူတွေရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။

အလားတူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်း တပင်ရွှေထီးလမ်း၊ ရွှေညောင်ပင် မှတ်တိုင်အနီးရှိ Xi Yun စားသောက်ဆိုင်အနီး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ လှိုင်သာယာမြို့ခံတွေက ပြောပါတယ်။

ဒီဖောက်ခွဲမှုကိုတော့ Dark Shadow အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ပျူစောထီးတွေကို သတင်းပေးနေတဲ့ ဆိုင်တစ်ခုဖြစ်တယ်လို့ Dark Shadow အဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။

မြိတ်မြို့က ပေါက်ကွဲမှုနဲ့ ရန်ကုန်က ပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ရန်ကုန်တိုင်းပြောခွင့်ရ ဥပဒေချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား ၄၅၆၉ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။