အိမ်မဲ လျှပ်စစ်ရုံး ဗုံးကွဲမှု NLD လူငယ်နှစ်ဦး အပါအဝင် ဒေသခံ သုံးဦး အဖမ်းခံရ
ဧရာဝတီတိုင်း၊ အိမ်မဲမြို့ လျှပ်စစ်ရုံးဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှစ်ဦး အပါအဝင် ဒေသခံ သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားပြီး တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့ အိမ်မဲမြို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် တစ်ရက်အကြာမှာ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက အခုဒေသခံ သုံးဦးက ဆက်လက်အဖမ်းခံထားရတာဖြစ်ပြီး ကျန်တဲ့လူအားလုံးကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အိမ်မဲမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုအဖမ်းခံရတဲ့ သုံးယောက်ထဲမှာ နှစ်ယောက်က NLD ကဖြစ်တယ်။ သူတို့ သုံး ယောက်ကို တရားရုံးမှာ ခဏထုတ်တယ်လို့ သိရတယ်။ ဘာပုဒ်မနဲ့ စွဲချက်တင်မယ် ဆိုတာတော့ မသိရသေးဘူး။ အခုချိန်ထိတော့ မြောင်းမြထောင် မပို့သေးဘူး”
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက် ည ၉ နာရီကျော်က အိမ်မဲမြို့လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ မြောင်းမြခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဧရာဝတီလင်းပိုင် ပူးပေါင်း တပ်ဖွဲ့တို့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သတိပေး ဖောက်ခွဲခဲ့တာလို့ မြောင်းမြ ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကောင်စီက ဒေသခံတွေကို မတရားဖမ်းဆီးတာ၊ စစ်ကြောရေးထဲမှာ နှိပ်စက် နေတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာတစ်နိုင်ငံလုံး ကျူးလွန်နေတာလို့ အိမ်မဲမြို့နယ်က ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက RFA ကို ပြောပါတယ်။
“စစ်အာဏာရှင်တွေရဲ့ထုံးစံအတိုင်း စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ဘာမှမရှိဘူး။ စိတ်ကြိုက်လူ့အခွင့်အရေး ချိုးဖောက်ခွင့်ကို ဆက်ပြီးပေးမှာလား။ အမြစ်ဖြတ်မှာလား ဆိုတာကို အခုအခြေအနေတွေက အဖြေပါပဲ”
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်ကလည်း မြောင်းမြမြို့၊ အမှတ် ၄ နယ်မြေ ဗိုလ်ဗထူးလမ်းပေါ် မှာရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးရုံးနဲ့ အထူးစုံစမ်းစစ်ဆေးရေး( စစစ ) ရုံးတွေမှာ ဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့ပြီးနောက် မြောင်းမြဒေသခံ ရှစ်ဦး အဖမ်းခံခဲ့ရပါတယ်။