မြစ်ကြီးနားမြို့ နှစ်နေရာဗုံးပေါက်ကွဲမှု သေဆုံးသူ သုံးဦးရှိလာ

2022.11.21
မြစ်ကြီးနားမြို့ နှစ်နေရာဗုံးပေါက်ကွဲမှု သေဆုံးသူ သုံးဦးရှိလာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုဖြစ်ခဲ့စဉ်။
Photo: Citizen Journalist

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ စားသောက်ဆိုင်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေက ဗုံးပေါက်ကွဲခဲ့တာကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲက တစ်ဦး နိုဝင်ဘာလ ၂၀ ရက်မနေ့က မြစ်ကြီးနားဆေးရုံကြီးမှာ ထပ်မံသေဆုံးသွားတယ်လို့ သေဆုံးသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် ဘူတာတိုက်တန်းမှာရှိတဲ့ ကျော်မေတ္တာ အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ တပ်ကုန်းရပ်ကွက်က Shwe Family စားသောက်ဆိုင်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တာလို့ သေဆုံးသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျော်မေတ္တာဆိုင်မှာက ကားလမ်းနဲ့ မျက်နှာချင်းဆိုင် ညာဘက်အခြမ်းက တံခါးပေါက်နားမှာ ပေါက်တာ။ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ ဖြစ်တဲ့ညနေကပဲ ဆေးရုံသွားတဲ့လမ်းမှာ ဆုံးတယ်။ နောက်တစ်ယောက်ကိုတော့ မနေ့ကမနက် ဆေးရုံမှာကုသနေရင်း ဆုံးသွားတယ်။ တပ်ကုန်းရပ်ကွက်က Shwe Family စားသောက်ဆိုင်မှာလည်း အဲနေ့ကပဲ ဗုံးပေါက်ကွဲမှုဖြစ်တယ်၊ ဆိုင်ဝန်ထမ်းအမျိုးသမီး တစ်ယောက်ဆုံးတယ်။ ဘယ်သူတွေလုပ်တာ ဘာကြောင့်အခုလို လုပ်တာဆိုတာတော့ မသိရဘူး”

ကျော်မေတ္တာဆိုင်ပေါက်ကွဲမှုမှာ ဦးခေါင်းထိမှန်ခဲ့တဲ့ အသက် (၃၅) နှစ်အရွယ် ဦးအောင်ဇော်လင်းကတော့ ဆေးရုံကိုပို့နေချိန် လမ်းမှာပဲ သေဆုံးခဲ့ပြီး ဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာရခဲ့တဲ့ အသက် (၂၀) အရွယ် မောင်ချစ်ဦးကတော့ မနေ့ကမနက်ပိုင်း ဆေးရုံမှာဆုံးသွားတာလို့ ဆိုပါတယ်။

တပ်ကုန်းရပ်ကွက် Shwe Family စားသောက်ဆိုင် ပေါက်ကွဲမှုမှာတော့ ဆိုင်ဝန်ထမ်း ဖြစ်တဲ့ အသက် (၂၂ ) အရွယ် မသဇင်ဦး နေရာမှာတင် သေဆုံးသွားတာလို့ ဒေသခံက ပြောပါတယ်။

ဒီဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာတော့ ဒေသခံတွေအနေနဲ့ တိတိကျကျ မသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ညကလည်း မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေး ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။