ရန်ကုန် ဗုံးပေါက်ကွဲမှု အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရ

2022.09.16
Share on WhatsApp
Share on WhatsApp
ရန်ကုန် ဗုံးပေါက်ကွဲမှု အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရ ရန်ကုန်မြို့ မြေနီကုန်း ရှမ်းလမ်းမီးပွိုင့်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ်အစပ် ဟံသာဝတီလမ်းနဲ့ ဗဟိုလမ်း ထောင့် မီးပွိုင့်မှာ စက်တင်ဘာလ ၁၆ ရက် ဒီနေ့ မ နက်ပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လမ်းသွားလမ်းလာ ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အခင်းဖြစ် နေရာအနီးအနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ရဲနဲ့ စစ်ကောင်စီတပ်သားတွေ၊ လူနာတင်ယာဉ်တွေ ရောက်ရှိလာ ကြတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

“ပထမအလုံးက ၈ ခွဲနဲ့ ၉ နာရီကြားမှာပေါက်တာ တော်တော်ပြင်းတယ်။ လမ်းသွား လမ်းလာပြည်သူ လေးယောက်ထိတယ်။ ပေါက်တာက မီးပွိုင့်လမ်းဆုံမှာ ပေါက်တာ။ အဲဒီနားက ကားတွေတောင် တုန်သွားတယ်။ နောက်မိနစ် လေးဆယ်လောက်နေတော့ အဲဒီနေရာမှာပဲ နောက်တစ်လုံး ထပ်ပေါက်တယ်။ ကြည့်ရတာ ချိန်ကိုက်ဗုံးဖြစ်မယ်။ အခုတော့ ရဲတွေရော၊ စစ်သားတွေရော ရောက်နေပြီ။ လူနာတင်ယာဉ်တွေလည်း လာတာတွေ့တယ်”

ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မသိရသေး သလို ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုလည်း မသိရသေးပါဘူး။

စမ်းချောင်း သတင်းတွေ ပုံမှန်တင်ဆက်နေတဲ့ လူမှုကွန်ရက်တစ်ချို့မှာလည်း ပေါက်ကွဲတဲ့ နေရာကို စစ်ကား ငါးစီး၊ ရဲကား တစ်စီးတို့ ရောက်ရှိလာပြီး ရဲနဲ့ စစ်သား ၅၀ ခန့်က လမ်း ပိတ်ပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဖော်ပြကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရန်ကုန်မြို့ မှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး အခုနောက်ပိုင်းမှာတော့ အရင်ကထက် ပိုပြီးတော့ အဖြစ်များလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

RFA က ရရှိထားတဲ့အချက်အလက်တွေအရ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ ရန်ကုန်က မြို့နယ် တွေမှာ တစ်မြို့မှာ တစ်လကို ပေါက်ကွဲမှု အနည်းဆုံး ၁၀ ကြိမ်ထက်မနည်း ဖြစ်ပေါ်လျက် ရှိပြီး ဗုံးခွဲတိုက်ခိုက်မှု အများစုဟာ စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့တွေ နေရာယူထားတဲ့ စာသင်ကျောင်း၊ ထွေအုပ်ရုံး၊ မီတာရုံးတွေနဲ့ ရဲစခန်းတွေမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီဗုံးခွဲတိုက်ခိုက်မှုတွေဟာ NUG လက်အောက်ခံ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြောဆိုလေ့ရှိပြီး တရားခံတွေကိုလည်း ဖမ်းဆီးမိကြောင်း သတင်းထုတ်ပြန်လေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။