ရွှေဘိုဈေးထဲ ဗုံးကွဲလို့ ဒေသခံ ရှစ်ဦးထက်မနည်း ဒဏ်ရာရ
2023.07.16

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မြို့မဈေးထဲကို ဇူလိုင်လ ၁၆ ရက် ဒီကနေ့ မနက် ၇ နာရီ ဝန်းကျင်က ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲအားပြင်းတဲ့ ဗုံးနှစ်လုံးဟာ မြို့မဈေးအပြင်ဘက်နဲ့ ဈေးအတွင်းမှာ ပေါက်ကွဲခဲ့ တာပါ။
ဒဏ်ရာရသူတွေကို အရေးပေါ်လူနာတင်ကားနှစ်စီးနဲ့ ရွှေဘို ပြည်သူ့ဆေးရုံကြီးကိုပို့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"နှစ်လုံးစလုံး ဆက်တိုက်ပေါက်ကွဲတာပါ။ ရွှေဘိုဈေးအနောက်ဘက်က ဦးအောင်ဇေယျ နန်းတော်ရှိတယ်။ အဲဒီမှာ ခမရ-၄၂တပ်ရင်းက တပ်စွဲထားတာ။ သူတို့ လှမ်းပစ်လိုက် တာပါ။ တစ်လုံးက ဈေးအပြင် ဘက်၊ တစ်လုံးက ကုန်စိမ်းတန်းကို ကျရောက်ပေါက်ကွဲ တာ။ ခါးနဲ့ ရင်ဘတ်ကို ယမ်းစတွေ ထုတ်ချင်းပေါက် ဝင်သွားတဲ့ နှစ်ဦးကိုတော့ မန္တလေး ဆေးရုံ ပို့လိုက်ပြီလို့ သိထားပါတယ်"
ထိခိုက်ဒဏ်ရာရှိသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြနေတဲ့ ဓာတ်ပုံတွေအရ ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီး သုံးဦး၊ အမျိုးသားသုံးဦး၊ ကလေး တစ်ဦးနဲ့ သံဃာတော်တစ်ပါး ပါဝင်ပါတယ်။
ဒီဗုံးသီးနှစ်လုံးကို ရွှေဘိုမြို့မဈေးအနောက်ဘက် ဦးအောင်ဇေယျနန်းတော်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ ဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ PDFတွေက ဒရုံးနဲ့ ဗုံးချတိုက်ခိုက်ခဲ့ တာလို့ ရေးသားနေကြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း မြို့မဈေးကို ခေတ္တပိတ်ထားပြီး ရွှေဘိုမြို့အတွင်းမှာ စစ်ကောင်စီတပ်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၁၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ ဖောက်ခွဲဖျက်ဆီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦး ရှိခဲ့တယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့က ပြောဆိုခဲ့ပါတယ်။