လားရှိုးမြို့ ညဈေးတန်းအနီး ဗုံးပေါက်ကွဲတာကြောင့် ကလေးအပါအ၀င် လေးဦးဒဏ်ရာရ
2024.01.30
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် (၃) ညဈေးတန်းအနီး ကြာနီလမ်းပေါ်က စက်ပစ္စည်းအရောင်းဆိုင်ရှေ့မှာ ဇန်နဝါရီလ ၃၀ ရက် နေ့လယ် ၂ နာရီခန့် ဗုံးပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီအနားမှာရှိနေတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဆိုင်ကယ်ကနေပေါက်ကွဲတာ။ RD စက်ပစ္စည်းရောင်းတဲ့ ဆိုင်အရှေ့မှာဖြစ်တာဗျ။ ကားထဲမှာ တစ်လုံးထားသွားတယ်။ ပထမတစ်လုံးက သိပ်မပြင်းဘူး။ ဒုတိယတစ်လုံးက တအားပြင်းတော့ လူတွေ ထိကုန်တာ"
အဲဒီအနီးမှာရှိနေတဲ့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ဗုံးပေါက်ကွဲမှုကြောင့် စက်ပစ္စည်းအရောင်းဆိုင်က မိသားစုဝင်တွေနဲ့ အလုပ်သမားအချို့ ဒဏ်ရာရတယ်လို့ ပြောပါတယ်။
ဒဏ်ရာရခဲ့တဲ့ ကလေးငယ် တစ်ဦး၊ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို ပရဟိတအသင်းအဖွဲ့တွေရဲ့ အကူအညီနဲ့ လားရှိုးပြည်သူ့ဆေးရုံကြီးထံ ပို့လိုက်တယ်လို့ ဒေသခံကပြောပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း လားရှိုးမြို့အထွက် DENKO ဆီဆိုင်မှာ ဆိုင်ကယ်နဲ့ ဗုံးလာထားသွားတာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသား နှစ်ဦး သေဆုံးခဲ့သလို ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့မှာလည်း လားရှိုးမြို့နယ် အမှတ် (၂) ရပ်ကွက်က Hotel CS ရှေ့မှာ ဆိုင်ကယ်နဲ့ ဗုံးလာထားသွားတာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့သလို ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
ဇူလိုင်လ ၁၅ ရက် မနက်ပိုင်းလည်း လားရှိုးမြို့ ဇွဲထက်ရွှေဆိုင်အရှေ့မှာ ဆိုင်ကယ်ကနေ ဗုံးပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ဆယ်ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်အဖွဲ့အစည်းကမှ ဒီနေ့အထိ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။