ရန်ကုန်တိုင်းအတွင်းက တရားရုံးတွေကို ဗုံးခွဲတိုက်ခိုက်သတိပေး

2022.06.28
Share on WhatsApp
Share on WhatsApp
ရန်ကုန်တိုင်းအတွင်းက တရားရုံးတွေကို ဗုံးခွဲတိုက်ခိုက်သတိပေး အရှေ့ပိုင်းခရိုင် တရားရုံးအား တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းအတွင်းက မရမ်းကုန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ဥက္ကလာနဲ့ သာကေတမြို့ နယ်က တရားရုံး လေးခုတို့ကို ဇွန်လ ၂၆ နဲ့ ၂၇ ရက်တွေက Justice Lady Mission စစ် ဆင်ရေးအနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာအဖွဲ့က ဇွန်လ ၂၇ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီးအမိန့် ချနေတာ၊ ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ မရမ်းကုန်းမြို့နယ် တရားရုံး၊ ဒဂုံမြို့သစ် အရှေ့ပိုင်း တရားသူကြီးရုံး၊ တောင်ဥက္ကလာပမြို့နယ် တရားရုံးနဲ့ သာကေတမြို့နယ်က အရှေ့ပိုင်းခရိုင် တရားရုံးတို့ကို စတင်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

အာဏာရှင်စနစ်ဆိုးကို ပိုတည်မြဲအောင်လုပ်နေတဲ့ တရားရေးမဏ္ဍိုင်ကို စတင်သတိပေး လိုက်တာပါလို့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာအဖွဲ့ရဲ့ ပြောခွင့်ရသူ နွေဇာလင်း က RFA ကို ပြောပါတယ်။

“ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သမ္မတကြီး ဦးဝင်းမြင့် တို့ကို မတရား အမှုဆင် ဖမ်းဆီးထောင်ချထားတယ်။ ဒီအမိန့်တွေကိုပေးခဲ့တာ တရား ရေးဌာနကပဲဖြစ်တယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီး တယ်။ ၅၀၅ (က) ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ ပုဒ်မ တပ်တယ်။ လွတ်ချင်တဲ့သူတွေကို ငွေ တောင်းတာတွေရှိတယ်။ ဒါဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကို လုပ်စားနေကြတာဖြစ် တယ်။ အာဏာရှင်စနစ်ဆိုးကို ပိုတည်မြဲအောင် အားပေးနေတာဖြစ်တယ်။ တရားရေး မဏ္ဍိုင်ကို ကျနော်တို့က အခုစတင်ပြီး သတိပေးတာဖြစ်တယ်”

တရားရုံးတွေမှာ မတရားတဲ့အမိန့်ချမှတ်တာတွေ မရပ်တန့်ဘူးဆိုရင်တော့ တစ်ဦးတစ် ယောက်ချင်းစီကို သတိပေးပြီး ပြစ်ဒဏ်တွေပေးမှာလို့လည်း သူက ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ဖမ်းဆီးပြီး ပြည်သူ့ခေါင်း ဆောင်တစ်ဦးအား အကျဉ်းထောင်ကို ပို့ဆောင်အမိန့်ချတာ၊ ဥပဒေကို အသုံးချပြီး ကိုယ်ကျိုးစီးပွားအတွက် ပြည်သူကို အနိုင်ထက်ပြုကျင့်တာ၊ တော်လှန်ရေး ရဲဘော်တွေကို မတရားအမှုဆင် ဖမ်းဆီးတာနဲ့ ယိုင်နဲ့နေတဲ့ တရားရေးမဏ္ဍိုင်ကို သတိ ပေးတဲ့အနေနဲ့ အဲဒီတရားရုံးတွေကို ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့ရာမှာ လက်ပစ်ဗုံးနဲ့ အဝေးထိန်းဗုံးတွေကို အသုံးပြုခဲ့လို့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာအဖွဲ့သားတွေအနေနဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့