သပိတ်မှောက်ရမဲ့ စစ်တပ်ထုတ်ကုန်စာရင်း သပိတ်အင်အားစုတွေထုတ်ပြန်
2023.10.09
စစ်ကောင်စီဝင်ငွေရပေါက်ကို ဖြတ်တောက်နိုင်ရေးအတွက် နောက်ထပ်သပိတ်မှောက်ရမဲ့ စားသောက်ကုန်တွေနဲ့ ယာဉ်လိုင်းတွေကို စစ်အာဏာဆန့်ကျင်ရေးအင်အားစုတွေက အောက်တိုဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်တပ်ထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ နန်းမြိုင်တံဆိပ် ကော်ဖီမျိုးစုံ၊ ရွှေဖီဦးတံဆိပ် အသင့်ဖျော်လက်ဖက်ရည်၊ လီမွန်တီးနဲ့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ယာဉ်လိုင်းတွေဖြစ်တဲ့ ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ ပုသိမ်သူ၊ သန်မြန်သူ၊ ရှမ်းမလေးစတဲ့ အမြန်ယာဉ်လိုင်းတွေအပြင် အောင်ဘာလေထီစနစ်ကိုပါ သပိတ်မှောက်ဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီကို သပိတ်မှောက်တဲ့နေရာမှာ ပြည်သူလူထု ပါဝင်နိုင်အောင်ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လမှာ သပိတ်မှောက်ရမယ့် စစ်တပ်ထုတ်ကုန် ရှစ်မျိုးရဲ့စာရင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။
အဲဒီစာရင်းထဲမှာ မြန်မာဘီယာ ၊ Andaman Gold တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ Dagon တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာနဲ့ ရမ်၊ Black Shield ဘီယာ၊ အာမီရမ်၊ Red Ruby စီးကရက်နဲ့ Premium Gold စီးကရက်စတဲ့ ကုန်ပစ္စည်းရှစ်မျိုးပါပါတယ်။
ပထမဆုံး ထုတ်ကုန်ရှစ်မျိုးကို သပိတ်မှောက်တဲ့နေရာမှာ ၇၅ ရာခိုင်နှုန်းလောက်ထိ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုတစ်ခေါက်ဟာ ဒုတိယမြောက် သပိတ်မှောက်ရမယ့် ထုတ်ကုန်စာရင်းဖြစ်ပါတယ်။
မန္တလေးမြို့ သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက "ဒီကုန်စည်တွေက အများပြည်သူနဲ့ လက်တစ်ကမ်းမှာ ရှိနေနိုင်တဲ့ ကုန်စည်ဝန်ဆောင်မှုတွေ ဖြစ်တယ်။ ဒါတွေက အကြမ်းဖက်စစ်အုပ်စုက ပိုင်တာတွေဖြစ်တယ်၊ စစ်အုပ်စုကို သက်ဆိုးရှည်အောင် ဝင်ငွေရစေတဲ့ ရေသောက်မြစ်တွေလဲ ဖြစ်ပါတယ်၊ တပ်ပိုင်သွေးစွန်းငွေပေးနေတဲ့ ကုန်စည်ဝန်ဆောင်မှုတွေကို ပြည်သူလူထုတစ်ရပ်လုံးက ပြတ်ပြတ်သားသား သပိတ်မှောက်ပြီးတော့ ဖက်ဆစ်ဝင်ငွေကို ဖြတ်တောက်ကြဖို့ လိုတယ်" လို့ တိုက်တွန်းပြောဆိုပါတယ်။
ကလေးမြို့ ပင်မသပိတ်ကော်မတီဝင် ကိုဗိုက်ပူကလည်း "ပြည်သူတစ်ရပ်လုံးအနေနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကိုဖျက်စီးမဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျည်ဆန်တွေ၊ လေယာဉ်တွေ၊ ဗုံးတွေ၊ စစ်တပ်ရဲ့ ထုတ်ကုန်တွေမသုံးစွဲတာ၊ စစ်တပ်ရဲ့ ဘီယာတွေမသောက်တာ၊ စစ်တပ်ရဲ့ယာဉ်လိုင်းတွေမစီးတာတွေက ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကယ်တင်ခြင်းဖြစ်တယ်၊ ပြည်သူတွေအနေနဲ့ ဒုတိယခြေလှမ်းမှာ အားကောင်းကောင်းနဲ့ ပါဝင်ပေးကြပါ၊ ဒီဟာက ခက်ခဲ့တဲ့အရာမဟုတ်ပါဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲဒီသပိတ်မှောက်ကြေညာခံထားရတဲ့ ကုန်စည်တွေကို မရောင်းရင် ဥပဒေအရအရေးယူမယ်လို့ ဖိအားပေးခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာရှိတဲ့ စျေးသည်တွေကပြောထားပါတယ်။
စစ်အာဏာဆန့်ကျင်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်လာတဲ့ နောက်ထပ်သပိတ်မှောက်ဖို့လိုတဲ့ ကုန်စည်တွေ ကားလိုင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ သက်ဆိုင်ရာလုပ်ငန်းတွေကို RFA က လတ်တလောဆက်သွယ်နိုင်ခြင်းမရှိသေးပါဘူး။