မြန်မာကိုပေးတဲ့အကူအညီ ၇ဝ ရာခိုင်နှုန်း ဗြိတိန်လျှော့ချ
စစ်အာဏာသိမ်းချိန်ကစလို့ ဗြိတိန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီ ၇၀ ရာခိုင်နှုန်း ဖြတ်တောက်လိုက်ပါတယ်။
၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်က စတင်ဖြတ်တောက်တာဖြစ်ပြီး ခုဘဏ္ဍာရေးနှစ်မှာ ၅၁ ရာခိုင်နှုန်း ဖြတ်တောက် တယ်လို့ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးက စာရင်းကို Burma Campaign UK က ကိုးကားဖော်ပြပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လူသားချင်းစာနာရေးနဲ့ လူ့အခွင့်အရေး အဆိုးဝါးဆုံးချိုးဖောက်ခံရချိန်မှာ ခုလို ဖြတ်တောက်တာလို့ Burma Campaign UK က ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဗြိတိန်က မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီကို မနှစ်က ပေါင်ငွေ ၆၁ ဒသမ ၉ သန်း ဖြတ်တောက်ပြီး ဒီနှစ်မှာ ပေါင် ၃၀ ဒသမ ၁ သန်းဖြတ်တောက်ပါတယ်။
၂၀၂၀ မှာ ပေါင် ၁၀၃ သန်း အကူအညီ ပေးခဲ့တဲ့အတွက် ၂၀၂၀ ကနေ ၂၀၂၃-၂၄ မှာ ၇၀ ရာခိုင်နှုန်း ဖြတ်တောက်လိုက်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။