ဗြိတိသျှဝန်ကြီးချုပ် တရုတ်နိုင်ငံတွင် မြန်မာ့အရေး ထည့်သွင်းဆွေးနွေး
2010.11.10
တရုတ်ပြည်ခရီးစဉ်ဟာ ကုန်သွယ်ရေး၊ စီးပွားရေးကိစ္စတွေက အဓိကဖြစ်ပေမဲ့ မြန်မာနိုင်ငံကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်သမတ မစ္စတာ အိုဘားမားနဲ့လည်း မြန်မာ့အရေး ဆွေးနွေးဖို့ မျှော်လင့်ထားကြောင်း၊ မြန်မာပြည် ပြောင်းလဲရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ အနီးကပ် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် က အခုလို ပြောဆိုတဲ့အတွက် ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က ကြိုဆိုလိုက်ပါတယ်။
မြန်မာစစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးလာအောင် တွန်းပို့နိုင်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို ဦးဆောင်ဖို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို Burma Campaign UK အဖွဲ့ က တိုက်တွန်း တောင်းဆိုနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကလည်း ဒီအဆိုကိုထောက်ခံသူ ၁၆၀၀ ရဲ့ စာတွေကို ဗြိတိန်ဝန်ကြီးချုပ် ဆီကို ပေးပို့ခဲ့ပါတယ်။