စစ်ဆင်ရေးခုနစ်ရက်အတွင်း မြို့လေးမြို့ထိန်းချုပ်နိုင်ပြီလို့ မြောက်ပိုင်းအဖွဲ့တွေထုတ်ပြန်

RFA Burmese
2023.11.02
စစ်ဆင်ရေးခုနစ်ရက်အတွင်း မြို့လေးမြို့ထိန်းချုပ်နိုင်ပြီလို့ မြောက်ပိုင်းအဖွဲ့တွေထုတ်ပြန် တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့တွင် ကိုးကန့်တပ်သားများ နေရာယူထားတာကို ၂၀၂၃ အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။
The Kokang

၁၀ ၂၇ စစ်ဆင်ရေး ခုနစ်ရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာလ ၂ ရက်နေ့အထိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို ထိန်းချုပ်နိုင်ပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ခုနစ်ရက်တာအခြေအနေနဲ့ ပတ်သက်ပြီး ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောပါတယ်။

"စစ်ဆင်ရေးလုပ်တဲ့ကာလအတွင်း စခန်း ၉၀ ကျော်သိမ်းဆည်းထားနိုင်ပြီ၊ လုံးဝထိန်းချုပ်နိုင်ပြီး စစ်ကောင်စီ ကင်းရှင်းတာက ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်ပါ။ သိန္နီနဲ့ ပန်းဆိုင်ကိုတော့ တချို့နေရာကိုထိန်းချုပ်နိုင်ပြီး စစ်ကောင်စီရှိနေတဲ့အတွက် စစ်ဆင်ရေးဆက်လုပ်နေပါတယ်"

အောက်တိုဘာလ ၃၁ ရက်နေ့က မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီ သံချပ်ကာကား တစ်စီး ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး စစ်ဆင်ရေး ခြောက်ရက်အတွင်း သံချပ်ကာကား စုစုပေါင်း ခြောက်စီး သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ကိုးကန့်ဒေသမှာ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်လောက်ရှိပြီး သူတို့ကို တတ်နိုင်သလောက် ကူညီပေးနေတယ်လို့လည်း လီကျားဝင်းကပြောပါတယ်။

လောလောဆယ် ပြင်ပက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ မရသေးတာကြောင့် အခက်အခဲတွေကြားက နိုင်သလောက် ကူညီပေးနေရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ တိုက်ပွဲတွေအတွင်း မြောက်ပိုင်း သုံးဖွဲ့က မြို့လေးမြို့ကို သိမ်းယူနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာ - တရုတ်နယ်စပ်က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့တွေကို လက်လွှတ်ခဲ့ရတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နိုဝင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြောကြားထားပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့က ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ ဒုက္ခသည်စခန်းအနီးကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ်နဲ့ဈေးဆိုင် တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။