စစ်ဆင်ရေးတိုးမြှင့်မှာကြောင့် တပ်မတော်သားတွေလက်နက်ချဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်
2023.10.31
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေအနေနဲ့ ပူးပေါင်းအညံ့ခံဝင်ရောက်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့က တိုက်တွန်းချက် ထုတ်ပြန်လိုက်ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံ ပူးပေါင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်စေဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်ချ ပူးပေါင်းလာသူတွေကို ဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှဉ်းပန်းမှာမဟုတ်ကြောင်း၊ မိသားစုနဲ့ ပေါင်းစည်းနိုင်ခွင့်ရနိင်ဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို လိုအပ်တဲ့ ခရီးစရိတ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ကျန်းမာရေးမကောင်းသူတွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ စစ်ကောင်စီ တပ်စခန်း ရှစ်ဆယ်ကျော်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တွေကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီဘက်က မိသားစုနဲ့အတူ ပူးပေါင်းအညံ့ခံ ဝင်ရောက်လာသူ တစ်ရာကျော်ရှိနေပြီလို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီ ကစပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။