ဘုတလင် မြို့မဈေး မီးရှို့ခံရကြောင်း ဒေသခံတွေပြော
2023.03.03
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မဈေးနဲ့ ကားဂိတ်ဆိုင်ခန်းတွေ မတ်လ ၃ ရက် ဒီနေ့ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဆိုင်ခန်း ၁၈ ခန်း မီးလောင်ဆုံးရှုံးသွားတယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုမင်းက ပြောပါတယ်။
“မိုင်းရှင်းမယ်ဆိုပြီး ဈေးသည်တွေကို အပြင်အရင်ထွက်ခိုင်းတယ်။ ပြီးတော့ ဈေးကိုမီးရှို့တာ။ မြို့မဈေး တိုက်တန်းလို့ ခေါ်တယ်ပေါ့။ အဲဒီတိုက်တန်းက ဆိုင်ခန်းက ၁၀ ခန်း၊ ကားဂိတ်ဈေးခန်းက ဆိုင်ခန်း ၁၈ ခန်း စုစုပေါင်း ၂၈ ခန်းပါသွားတယ်။ အခုလည်း ဈေးကိုမီးထပ်ရှို့ဖို့ လုပ်နေတယ်။ မနက် ၁၁ နာရီလောက်မှာ ရဲစခန်းထဲက ထွက်လာတဲ့ စစ်သားတွေက ရှို့တာပါ။ PDF က မိုင်းထောင်ထားလို့ မိုင်းရှင်းမယ်ဆိုပြီး မီးရှို့သွားတာ”
မနေ့က နေ့လယ်ပိုင်းမှာ အခု မီးလောင်သွားတဲ့နေရာ တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ PDF တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ငယ်နှစ်လက် ဆုံးရှုံးခဲ့ တာကြောင့် အခုလို မီးရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ PDF တွေက ဘုတလင်မြို့ကို သိမ်းတော့မယ်ဆိုတဲ့ ကောလာဟလတွေကို စစ်ကောင်စီတပ်ဘက်က သတင်းဖြန့်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ ဘုတလင်မြို့ မြို့မဈေး ဒီနေ့ မနက်ပိုင်းမှာ မီးလောင်ခံရပြီး ရှို့မီးလို့ သိထားပေမယ့် အကြောင်းရင်း အသေးစိတ် မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်အကြာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့လည်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ဘုတလင်မြို့နယ်ဟာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း ထိုးလာရင် ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းတဲ့ မြို့တစ်ခုဖြစ်ပြီး မနေ့က မတ်လ ၂ ရက်နေ့အထိ မုံရွာလူထုတိုက်ပွဲ ကော်မတီ၊ ဘုတလင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)နဲ့ မုံရွာ စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့က ဦးဆောင်ပြီး ဘုတလင်မြို့နယ်မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။