မြန်မာနိုင်ငံမှာ အပြောင်းအလဲ အမှန်လိုအပ်နေပြီလို့ အမေရိကန်ပြော

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်က ပြီးခဲ့တဲ့ရက် ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ခွန်း ဆက်သတဲ့ စာတစောင် ပေးပို့ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားပါတယ်။

2010.11.20

နိုင်ငံခြားရေး ဝန်ကြီးဌာန နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Mr.Phillip Crowley က- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်ပိုင်း နိုင်ငံတကာ ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုံးနဲ့ ဆက်သွယ် စကားပြောခဲ့ကြကြောင်း၊ လောလောဆယ် မစ္စစ်ကလင်တန် ခရီးထွက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် စကားပြောခွင့် မရသေးကြောင်းနဲ့ အခွင့်ရရင် ဆက်သွယ်မှာဖြစ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲ လုပ်ဖို့ အမှန်တကယ် လိုအပ်နေပြီ ဆိုတာကို အမေရိကန် အနေနဲ့ မြန်မာစစ်အစိုးရကိုရော မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံနေတဲ့ ဒေသတွင်း နိုင်ငံတွေကိုပါ ဆက်လက် တိုက်တွန်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း Mr.Phillip Crowley ကပြောပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ကျယ်ပြန့်တဲ့ အပြောင်းအလဲ ဖြစ်ဖို့လိုကြောင်းနဲ့ အခု ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတဲ့အတွက် ပြောင်းလဲမှုရဲ့ အစိတ်အပိုင်းတခုလို့ မဆိုနိုင်ကြောင်း၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့လည်း အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့လိုကြောင်း ပြောပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီ ဖြစ်တဲ့အတွက် တွေ့ဆုံ ဆွေးနွေးလိုသူတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံဆက်သွယ်ခွင့်၊ NLD ပါတီကို စိတ်ကြိုက် ပြန်လည် ထူထောင်ခွင့်ရဖို့ လိုအပ်ကြောင်းနဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒါတွေကို တရုတ်၊ အိန္ဒိယ အပါအဝင် တခြားနိုင်ငံတွေနဲ့ အမေရိကန်က ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း Mr.Crowley က ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရ အနေနဲ့ဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အထူး တာဝန်ရှိတယ်လို့ မြင်ကြောင်း ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-20 15:34

m.r philip crowley is right