ထားဝယ် ရေနက်ဆိပ်ကမ်း ရင်းနှီးမြုပ်နှံဖို့ EU စိတ်မဝင်စား
2011.05.08
ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ လုပ်ငန်းရှင်များ အသင်းချုပ ်UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ဦးဆောင်ပြီး ဒေါက်တာမောင်မောင်လေး၊ ဦးအောင်ခင်မြင့်၊ ဦးဇော်မင်းဝင်းနဲ့ ဦးမြင့်စိုးတို့က EU နိုင်ငံတွေက စီးပွားရေး ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ စီးပွားရေး ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် ဒေသတွင်း တည်ငြိမ်မှု ရှိဖို့က အဓိက အရေးကြီးတယ်လို့ EU ကိုယ်စားလှယ်တွေက မြန်မာကိုယ်စားလှယ်တွေကို ပြောခဲ့တယ်လို့ UMFCCI အမှုဆောင်တဦးက ပြောပါတယ်။
EU ဘက်က အာရှ-ပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ Ronald Unterburger ကတော့ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုတွေ မရှိသရွေ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ပိုခက်ခဲပြီး အချိန်ယူရလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် The Jarkata Post သတင်းစာကို ပြောပါတယ်။
အင်ဒိုနီးရှား မာစီးဒီးဘင့်ဇ် ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖြေကြားရာမှာ EU လုပ်ငန်းရှင်တွေ အနေနဲ့ အဂတိလိုက်စားမှု ကင်းပြီး နိုင်ငံတကာ စည်းကမ်းတွေနဲ့ ညီတဲ့ ရေခံမြေခံမျိုးကို ဦးစားပေး စဉ်းစားကြောင်း၊ လွတ်လပ်ပြီး အာဏာရှင်စနစ် မရှိတဲ့ နိုင်ငံမျိုးတွေကိုပဲ ရင်းနှီးမြုပ်နှံလိုကြကြောင်း ပြောပါတယ်။
ဒါပေမယ့် EU ကုန်သွယ်ရေး ကော်မရှင်အဖွဲ့ အကြီးအကဲ Karel De Gucht ကတော့ မြန်မာဟာ အနာဂတ်မှာ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ နေရာဖြစ်တယ်လို့ ပြောကြားပါတယ်။
တချိန်တည်းမှာ မြန်မာနိုင်ငံ မပါဘဲ အာဆီယံနိုင်ငံတွေနဲ့ ဥရောပသမဂ္ဂ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်နိုင်ဖို့ EU ဘက်က ကြိုးစားနေတယ်လို့ EU ကုန်သွယ်ရေးကော်မရှင် အကြီးအကဲက မနေ့က ပြောကြားလိုက်ပါတယ်။
ဥရောပသမဂ္ဂနဲ့ အာဆီယံ ဒေသချင်း သဘောတူစာချုပ် ချုပ်ဆိုရေးမှာ အာစီယံနိုင်ငံ အသီးသီးရဲ့ ဖွ့ံ့ဖြိုးရေး မတူညီတဲ့အချက်နဲ့ မြန်မာနိုင်ငံ ပြဿနာကြောင့် ဖြစ်ကြောင်း EU ကုန်သွယ်ရေးကော်မရှင် အကြီးအကဲ Karel De Gunht က ပြောပါတယ်။
မြန်မာနိုင်ငံကို တနိုင်ငံတည်း ခွဲထုတ်ထားတာ မဟုတ်ပေမယ့် လောလောဆယ် ဥရောပနိုင်ငံတွေ အကြား မြန်မာကိစ္စဟာ အထူး အထိခိုက်မခံတဲ့ ကိစ္စရပ်ဖြစ်ကြောင်း၊ ဒါပေမယ့် EU ဘက်က အပြောင်းအလဲ ရှိလာရင် မူဝါဒ ပြောင်းပေးဖို့ တံခါးဖွင့်ထားကြောင်း၊ မြန်မာနိုင်ငံမှာ ပြောင်းလဲဖို့ကိစ္စ အများကြီး ရှိနေသေးကြောင်း၊ အာဆီယံ နိုင်ငံတိုင်းက စီးပွားရေးကိစ္စ ညှိနှိုင်းဆွေးနွေးဖို့ ကမ်းလှမ်းလာရင် EU အနေနဲ့ ဆွေးနွေးပေမယ့် မြန်မာနဲ့တော့ ဆွေးနွေးဖို့ မဖြစ်နိုင်သေးကြောင်း Mr. Gunht က ပြောကြားပါတယ်။
EU နဲ့ မြန်မာအကြား ကုန်သွယ်မှု ပမာဏဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း တဖြည်းဖြည်း လျော့ကျလာပြီး EU ရဲ့ ထုတ်ပြန်ချက်အရ ၂ဝဝ၆ ခုနှစ်မှာ ယူရို ၃၈၇ သန်းရှိရာက ၂ဝ၁ဝ ပြည့်နှစ်မှာ ယူရို ၂၄၄ သန်းအထိ လျော့ကျသွားတယ်လို့ သိရပါတယ်။