ဖမ်းဆီးချုပ်နှောင်ထားစဉ် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး သေဆုံး

ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးချုပ်နှောင်ထားစဉ် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး သေဆုံးခဲ့ရတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ မဲခေါင်ဒေသ ရွှေ့ပြောင်းအလုပ်သမားများ ကွန်ယက် MMN ကနေ ထိုင်းအစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

2012.04.23
migrant_labor_fishing_boat_305_z.jpg ထိုင်းနိုင်ငံရှိ ငါးဖမ်းစက်လှေများတွင် ငွေဝယ်ကျွန်များသဖွယ် အလုပ်လုပ်နေကြရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပါသည်။ (Photo: Kay Chernush for the U.S. State Department)
(Photo: Kay Chernush for the U.S. State Department)

ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်နေ့တုန်းက ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၆၂ ဦးကို အချုပ်ကားနဲ့ မြန်မာနိုင်ငံနယ်စပ် မဲဆောက်မြို့က ပြန်ပို့စဉ် အလုပ်သမားနှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူနှစ်ဦးကတော့ ကိုမောင်စိုး ၂၅ နှစ်နဲ့ မမိလာ ၃၆ နှစ်တို့ ဖြစ်ပါတယ်။ သူတို့ဘာကြောင့် သေဆုံးရတယ်ဆိုတာကို တိတိကျကျ မသိရပါဘူး။

ဒါကြောင့် သေဆုံးရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီး၊ တာဝန်ရှိတဲ့ ထိုင်းအရာရှိတွေကို အရေးယူပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း၊ မဲခေါင်ဒေသ ရွှေ့ပြောင်းအလုပ်သမားများ ကွန်ယက်က တာဝန်ရှိသူ ထိုင်းအမျိုးသမီး မစ္စ ဖရာနွန် စုမ်ဝမ် Ms Pranom Somwong က ရှင်းပြပါတယ်။

“ထိုင်းအစိုးရက တုံ့ပြန်ချက်ကို မဲခေါင်ကွန်ယက်က စောင်ဆိုင်းနေပါတယ်။ ဒ့ါအပြင် သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေ ကျေနပ်လောက်တဲ့ တရားဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးမှုကို ထိုင်းအစိုးရက လုပ်ဆောင်ပေးစေလိုပါတယ်။ ဘာကြောင့် သေဆုံးရတယ်ဆိုတာ ကျန်ရစ်သူတွေ သိခွင့်ရသင့်ပါတယ်။ ဒါ့အပြင် ထိုက်တန်တဲ့ လျော်ကြေးလည်း ရသင့်ပါတယ်။ သေဆုံးသူတွေဟာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး ချုပ်နှောင်ထားစဉ် သေဆုံးရတာ ဖြစ်တဲ့အတွက် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဥပေဒအရ အပြစ်ပေး အရေးယူစေလိုပါတယ်။ ဒီကိစ္စတွေကို ထိုင်းအစိုးရကို ဆက်သွယ်ပြီး မဲခေါင်ကွန်ယက်အနေနဲ့ လုပ်ဆောင်နေပါတယ်" လို့ မစ္စ ဖရာနွန်က ရှင်းပြသွားခဲ့ပါတယ်။

အခုလို ရွှေ့ပြောင်း အလုပ်သမားတွေ သေဆုံးမူဟာ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးကြောင်း၊ ၂၀၁၀ ခုနှစ်အတွင်းကလည်း ထိုင်းအချုပ်ခန်းတွေအတွင်း စုစုပေါင်း ရွှေ့ပြောင်းအလုပ်သမား ၂၃ ဦး သေဆုံးခဲ့မှုအတွက် မဲခေါင်ကွန်ယက်က တင်ပြခဲ့ဖူးကြောင်း၊ ဒါကြောင့်အလုပ်သမားတွေကို ဖမ်းဆီးထိန်းသိမ်းထားစဉ် ကောင်းမွန်စွာ စောင့်ရှောက်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်တဲ့ လုပ်ငန်း အဆင့်ဆင့်ကိုလည်း ကောင်းမွန်အောင် ဆောင်ရွက်စေလိုကြောင်း မဲခေါင်ဒေသ ရွှေ့ပြောင်း အလုပ်သမားများကွန်ယက်က ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။