ဘန်ကောက်မြို့အနီးက လုပ်ငန်းခွင်တွေမှာ မြန်မာ ၁၆၀ ကျော် ဖမ်းဆီးခံရ
2024.11.08
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရာကန် ခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအပါအဝင် အလုပ်နေရာပေါင်း သုံးဆယ်ခန့်ကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၆ ရက်နေ့မှာ ရှောင်တခင် ဝင် ရောက်စစ်ဆေးစဉ် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၆၁ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ မြန်မာအလုပ်သမား ၁၆၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၇၅ ဦး၊ လာအို နှစ်ဦးနဲ့ ထိုင်းနိုင်ငံသား ၄၉ ဦး စုစုပေါင်း ၂၈၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းလူ၀င်မှုကြီးကြပ်ရေး ဌာနခွဲ ( ၃ ) က ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူတွေကို တရားမ၀င် ၀င်ရောက်လာမှု ၁၉၃ မှု၊ သက်တမ်းကျော်လွန်နေထိုင်မှု ၁၇ မှု၊ ခွင့်ပြုချက်မရှိတဲ့ အလုပ်တွေမှာ ၀င်ရောက်လုပ်ကိုင်မှု ခုနစ်မှု၊ နေထိုင်ခွင့်ကို အာဏာပိုင်တွေထံ တင်ပြဖို့ပျက်ကွက်မှု ၆၇ မှုအပါအဝင် အခြားအမှု ငါးမှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းလုပ်ငန်းရှင်တွေကိုတော့ နိုင်ငံခြားသားအလုပ်သမားတွေကို တရားမ၀င်ခန့်အပ်ထားမှုနဲ့ တရားစွဲ ဖမ်းဆီးထားပြီး အလုပ်ရှင်နဲ့ အလုပ်သမား အားလုံးကို ဥပဒေအရ ဆက်လက်အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်တွေက နိုင်ငံတော်လုံခြုံရေးဆိုတဲ့ စီမံချက်နဲ့ ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုတွေ များနေတာကြောင့် သတိထားကြဖို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား အခွင့်အရေးဖောင်ဒေးရှင်း Labour Rights Foundation (LRF) က ဦးအောင်ကျော်က ပြောပါတယ်။
“ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ စာရွက်စာတမ်းမပြည့်စုံကြတဲ့ အလုပ်သမားတွေ အထူးသတိပြု နေထိုင်ဖို့လိုပြီ။ ရက် ၁၂၀ စီမံကိန်းအတွင်းမှာလည်း လူဦးရေ နှစ်သိန်းလောက် ဖမ်းဆီးစစ်ဆေးတာကို ခံခဲ့ရတယ်။ ဒီစီမံကိန်းက ရက်ပြည့်သွားပြီဆိုပေမဲ့ နောက်ထပ် နိုင်ငံတော် လုံခြုံရေးဆိုတဲ့ စီမံချက်နဲ့ ထပ်ပြီးဖမ်းဆီးတာတွေ လုပ်နေတာဆိုတော့ တော်တော်လေးကို ဂရုစိုက်နေထိုင်ကြရမယ်”
ဘန်ကောက်မြို့အနီးက ဝင်ရောက်စီးနင်းဖမ်းဆီးမှုအပြင် ထိုင်နိုင်ငံရဲ့ တခြားခရိုင်တွေမှာလည်း နယ်စပ်ဖြတ်ကျော်ဝင်လာသူတွေနဲ့ အထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသား ကိုးဆယ်ကျော်အထိ ဖမ်းဆီးထားတာလည်း ရှိတာကြောင့် နိုဝင်ဘာလပထမပတ်အတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကျော်အထိ ရှိလာပါပြီ။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကတော့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ ထိုင်းအစိုးရကို စက်တင်ဘာလ ၂၃ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။ အထောက်အထားမဲ့ မြန်မာပြည်သူတွေ ကို ထိုင်းနိုင်ငံထဲမှာ ယာယီ နေထိုင်ခွင့်ပေးရေး အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးစေလိုတယ်လို့လည်း NUCC က ပြောပါတယ်။
တရုတ်၊ မြန်မာနဲ့ ဗီယက်နမ် အပါအဝင် အတိုက်အခံတွေကို နှိပ်စက်ညှဉ်းပန်းတဲ့ မှတ်တမ်းတွေရှိတဲ့ အခြားနိုင်ငံတွေဆီ ထိုင်းအစိုးရအာဏာပိုင်တွေက ဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံတွင်း ခိုလှုံခွင့်ရှာဖွေသူတွေကို ပြန်မပို့ဖို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က နိုဝင်ဘာ ၆ ရက်နေ့မှာ တောင်းဆိုထားပါတယ်။