စစ်တပ်ဝင်ငွေရနေတဲ့ ကုန်ပစ္စည်း ရှစ်မျိုးကို သပိတ်မှောက်ဖို့ GSCB တိုက်တွန်း
2023.08.25
စစ်ကောင်စီ ဝင်ငွေရလမ်းဖြစ်တဲ့ စစ်တပ်ပိုင်ကုန်စည် ရှစ်မျိုးကို မသုံးစွဲဘဲ သပိတ်မှောက်ကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က တိုက်တွန်းလိုက်ပါတယ်။
GSCB တိုက်တွန်းတဲ့ စစ်တပ်ထုတ်ကုန်ပစ္စည်း ရှစ်မျိုးဟာ မြန်မာဘီယာ ၊ Andaman Gold တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ Dagon တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ မန္တလေး ဘီယာနဲ့ ရမ်၊ Black Shield ဘီယာ၊ အာမီရမ်၊ Red Ruby စီးကရက်နဲ့ Premium Gold စီးကရက်တို့ ဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တာမှာ ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
"အဓိကအားဖြင့်က စစ်တပ်ရဲ့ထုတ်ကုန်တွေ၊ စစ်တပ်ရဲ့ ဝင်ငွေတွေ ရရာရလမ်းတွေကို ဖြတ်တောက်တဲ့ကိစ္စတွေမှာ ပြည်သူတွေကို အတတ်နိုင်ဆုံးပါဝင်ကြဖို့ ကျွန်တော်တို့က စည်းရုံးရမှာပါ၊ ဒီကနေ့ စစ်တပ်ရဲ့ ထုတ်ကုန်တွေကို သုံးစွဲနေကြတယ်ဆိုတဲ့နေရာမှာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့နေရာမှာတော့ ဒါတွေကို ကင်းစင်အောင် ကျွန်တော်တို့ဘက်ပေါင်းစုံပေါ့ ပညာပေးတာရော၊ အသိပေးတာရော စည်းရုံးလှုံ့ဆော်တာရော၊ အရေးယူတာရော လုပ်ကြရပါမယ်၊ စစ်ကောင်စီက ကြီးစိုးထားတဲ့နေရာတွေမှာတော့ ကျွန်တော်တို့ လက်တွေ့ကျကျ အရေးယူတယ်ဆိုတာမျိုးကတော့ ခဲယဉ်းတာအမှန်ပဲ"
သပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ တေဇာစန်းကလည်း စစ်အသုံးစရိတ်အတွက် စစ်ကောင်စီ လိုအပ်နေတဲ့ ဝင်ငွေတွေကို လူထုအားနဲ့ ဖြတ်တောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
"ဘဏ္ဍာရေးတိုက်ပွဲဆိုတာ စစ်ရေးတိုက်ပွဲလို အရေးကြီးပါတယ်၊ ဖက်ဆစ်တပ်ကြီး အခု ပြည်သူတွေကို မီးရှို့နေတယ်၊ သတ်ဖြတ်နေတယ်၊ ဗုံးတွေကြဲနေတယ်၊ လေယာဉ်တွေဝယ်တယ် လေယာဉ်ဆီတွေဝယ်တယ် လက်နက်ကြီးတွေဝယ်တယ်ဆိုတာ သူလည်းပိုက်ဆံလိုပါတယ်၊ သူလိုအပ်နေတဲ့ ငွေကြေးကို ကျွန်တော်တို့ လူထုအားနဲ့ ဖြတ်တောက်လို့ရတယ်၊ သူ့ရဲ့ဝင်ငွေတွေကို ကျွန်တော်တို့ လူထုနည်းနဲ့ တတ်နိုင်သမျှ ယိုင်နဲ့သွားအောင် ပြိုလဲသွားအောင် လုပ်လို့ရပါတယ်"
ဩဂုတ် ၂၅ ရက်နေ့က ပြည်သူတွေ ဆန့်ကျင်သပိတ်မှောက်ဖို့ ကနဦးတိုက်တွန်းထားတဲ့ အရက်၊ ဘီယာ၊ စီးကရက် ကုန်ပစ္စည်းရှစ်မျိုးနဲ့ ပတ်သက်လို့ GSCB က သတင်းစာရှင်းလင်းခဲ့တာပါ။
ဒီစစ်တပ်ပိုင် ကုန်ပစ္စည်းရှစ်မျိုးကို အချိန်နှစ်လအတွင်း သူတို့ရရှိတဲ့ ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားဖို့ ရည်ရွယ်ထားပြီး ပြည်သူတွေအနေနဲ့ မဝယ်ယူ မသုံးစွဲကြဖို့ တိုက်တွန်းထားပါတယ်။
စစ်တပ်ပိုင် မြန်မာဘီယာထုတ်လုပ်ငန်းဖြစ်တဲ့ မြန်မာ့ဘရူဝါရီ ကုမ္ပဏီဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်နှစ်အတွင်းမှာ အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ရနေဆဲဖြစ်သလို စစ်ကောင်စီပိုင်မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီဟာလည်း ကျပ်ငွေသန်းပေါင်း တစ်သိန်းကျော်အထိ ဝင်ငွေရရှိနေဆဲဖြစ်တယ်လို့လည်း ဒေါက်တာတေဇာစန်းက ဆိုပါတယ်။
နိုင်ငံတစ်ဝန်းက သပိတ်အင်အားစုတွေဟာ ဆန္ဒပြပွဲတွေမှာ တပ်ပိုင်ကုန်ပစ္စည်းကို သပိတ်မှောက်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ကြသလို ပြည်သူတွေ ဝယ်ယူ၊ ရောင်းချ၊ သုံးစွဲတာတွေ မလုပ်ကြဖို့ အသိပညာပေးခဲ့ကြပါတယ်။