စစ်မီးတွေချုပ်ငြိမ်းအောင် အဖြေရှာဖို့ မြန်မာပြည်သူတွေ မျှော်လင့်
2023.04.17
နိုင်ငံရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံအနှံ့ပြည်သူတွေ နေ့စဉ်သေဆုံးနေတာကို မျက်ကွယ်မပြုသင့်တော့ဘဲ အနိဋ္ဌာရုံတွေ ရပ်တန့်ဖို့အတွက် နှစ်သစ်မှာ နိုင်ငံရေးအင်အားစုအသီးသီးကြားထိပ်တိုက် တွေ့ဆုံဆွေးနွေးကြဖို့ လိုနေပြီဆိုတဲ့ အမြင်တွေ ပြည်သူတချို့ထံက ကြားလာရပါတယ်။
နေ့စဉ်သေကြေ ဒုက္ခရောက်ငတ်ပြတ်နေတဲ့ဟာကြီးကို မေ့ထားပြီး ခံယူချက်တွေဆုပ်ကိုင်ထားမယ်ဆိုရင် သိပ်အဓိပ္ပါယ်မရှိဘူးထင်တယ်။ လက်ခံပြီးအပြန်အလှန်စကားပြောဆွေးနွေးအဖြေရှာဖို့လိုတယ်။
“ဘယ်သူသတ်လို့ သတ်မှန်းမသိဘူး။ ပြည်သူတွေက တောက်လျှောက်သေနေရတာလေ။ အဲ့ဒီအထဲမှာ ကလေးငယ်တွေရော၊ အမျိုးသမီးတွေရော၊ သက်ကြီးရွယ်အိုတွေရော၊ ရဟန်းသံဃာတွေရောဖြစ်နေတာ၊ ဒါကြီးက အင်မတန်ဆိုးဝါးတဲ့ အနိဋ္ဌာရုံကြီးပဲ။ အဲ့ဒီအနိဋ္ဌာရုံရပ်သွားဖို့ဆိုရင် ဖြစ်နေတဲ့ မြန်မာနိုင်ငံ ပဋိပက္ခမှာ ပါဝင်နေသူအသီးသီးက ဒီကိစ္စကို ငြိမ်းချမ်းအောင် ဘယ်လိုအကောင်အထည်ဖော်ကြမလဲ။ ကျော်လွှားကြမလဲ ဆိုတာကို လုပ်ဖို့လိုလားတယ်။ ဖြစ်နေတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေမှာ ကိုယ့်ခံယူချက်ကိုဆုတ်ထားပြီး နေ့စဉ်သေကြေ ဒုက္ခရောက်ငတ်ပြတ်နေတဲ့ဟာကြီးကို မေ့ထားပြီး ခံယူချက်တွေဆုပ်ကိုင်ထားမယ်ဆိုရင် သိပ်အဓိပ္ပါယ်မရှိဘူးထင်တယ်။ လက်ခံပြီးအပြန်အလှန်စကားပြောဆွေးနွေးအဖြေရှာဖို့လိုတယ်။ နောက်ပြီး တိုင်းပြည်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ လွှတ်ပေးဖို့လိုပါတယ်။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ဖို့လိုတယ်။ ပကတိအခြေအနေကနေဆွေးနွေးရေးတွေ လုပ်ဖို့လိုတယ်။
ဒါကတော့ အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းပြောသွားတာပါ။
သူမျှော်လင့်သလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေကတော့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မနေ့က ပြန်လွတ်မလာခဲ့ပါဘူး။
ဦးရဲနိုင်ဝင်းလိုပါဘဲ စစ်ရေးပဋိပက္ခတွေချုပ်ငြိမ်းဖို့ ညှိနှိုင်းအဖြေရှာဖို့လိုလားတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ခံတစ်ဦးကလည်း RFA ကိုပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆန့်ကျင်ရှုတ်ချသလို လူသေစေနိုင်လောက်တဲ့အရာမျိုးတွေနဲ့ ဖြစ်ပျက်နေကြတာတွေ တော်သင့်ပြီလို့ထင်တယ်။ အဖြေရှာသင့်ပြီလို့ထင်ပါတယ်။
“ နှစ်သစ်မှာ အကောင်းဆုံးကတော့ဗျာ။ ညှိညှိနှိုင်းနှိုင်းနဲ့ အားလုံးစုစုစည်းစည်း ညှိနှိုင်းပြီး နိုင်ငံရေးတစ်ခုကို အဖြေရှာပြီး ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်တဲ့ နိုင်ငံရေးပုစ္ဆာကို အဖြေရှာတာမျိုးမြင်ချင်ပါတယ်။ ကိုယ့်နေရာမှာ တိုက်ပွဲတွေ ဖြစ်ခြင်း၊ မဖြစ်ခြင်းထက် တစ်နေရာမှာ တိုက်ပွဲတစ်ခု တစ်စုံတစ်ရာဖြစ်နေတယ်။လေကြောင်းတိုက်ခိုက်မှုတွေဖြစ်နေတယ်ဆိုရင် ပူဆွေးသောကရောက်ရတာကတစ်ကြောင်း၊ မဖြစ်တဲ့ဒေသတွေမှာလည်း ကုန်ဈေးနှုန်းက အဆမတန်ကြီးမြင့်လာတာကတစ်ကြောင်း၊ ကျွန်တော်တို့ စစ်ကိုင်းတိုင်းအနေအထားကတော့ ခြေဖဝါးကနာလည်း အကုန်လုံးနာကျင်ခံစားရသလိုပဲ။ သူ့ဘက်ကသေသေ၊ ကိုယ့်ဘက်က သေသေ…သေကြတာမှာ ကိုယ့်မြန်မာပြည်သူပြည်သား အချင်းချင်းပဲသေနေကြရတာ။ ဒီလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆန့်ကျင်ရှုတ်ချသလို လူသေစေနိုင်လောက်တဲ့အရာမျိုးတွေနဲ့ ဖြစ်ပျက်နေကြတာတွေ တော်သင့်ပြီလို့ထင်တယ်။ အဖြေရှာသင့်ပြီလို့ထင်ပါတယ်။”
တော်လှန်ရေးမှာပါဝင်တဲ့ စစ်ကိုင်းတိုင်းက အမျိုးသမီးမဟာမိတ်အင်အားစုက မအေးမြင့်အောင်အောင်ကလည်း နှစ်သစ်မှာ စစ်မီးတွေအမြန်ဆုံးငြိမ်းဖို့ မျှော်လင့်နေကြောင်း ပြောပါတယ်။
NUG အစိုးရကလည်း လာမယ့်နှစ်သစ်မှာ အလုပ်ပိုလုပ်ကြဖို့လိုတယ်။ စကားတွေလျော့ဖို့လိုတယ်။ အမှန်တကယ် ပြည်သူဘက်ကို မျက်နှာမူပြီး အလုပ်လုပ်ကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။
“စစ်မီးတွေအမြန်ငြိမ်းပြီးတော့ ကျွန်တော်တို့အားလုံးလိုချင်တဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် အလုံးစုံပျက်သုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ဖို့ နှစ်သစ်မှာ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အလုပ်တွေနဲ့ သက်သေပြကြရပါလိမ့်မယ်။ အဲ့ဒီတော့ကျွန်တော်တို့ရဲ့ NUG အစိုးရကလည်း လာမယ့်နှစ်သစ်မှာ အလုပ်ပိုလုပ်ကြဖို့လိုတယ်။ စကားတွေလျော့ဖို့လိုတယ်။ အမှန်တကယ် ပြည်သူဘက်ကို မျက်နှာမူပြီး အလုပ်လုပ်ကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ တော်လှန်ရေး အင်အားစု တွေရော၊ ပြည်သူတွေရော တော်လှန်ရေးအပေါ် စိတ်ပျက်သွားခြင်းမရှိဘဲ ကျွန်တော်တို့အားလုံး လိုချင်တဲ့ ပန်းတိုင်တစ်ခုရောက်ဖို့ဆိုရင် ကျွန်တော်တို့နည်းနာမျိုးစုံနဲ့ တော်လှန်ကြဖို့ လိုအပ်ပါတယ်။”
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်ပြီး တကျော့ပြန်အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ မြန်မာနိုင်ငံမှာရှိခဲ့တဲ့ အာဏာရှင်အဆက်ဆက်မှာ အဆိုးဝါးဆုံးလုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေက စစ်ကောင်စီတပ်ကို လက်ခံဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောကြတာတွေလည်း ရှိပါတယ်။
မြသွဲ့သွဲ့ခိုင်ကို နေပြည်တော်မှာ စပြီးပစ်သတ်လိုက်ကတည်းက စစ်တပ်ရဲ့ ပစ်ချက်တွေက ယနေ့အချိန်အထိပဲ…။
“၈၈၈၈ လူထုဒီမိုကရေစီအရေးတော်ပုံကာလမှာ ကျွန်တော်တို့ တစ်ခါကြုံဖူးတယ်။ အဲ့ဒါက ရန်ကုန်၊ မြောက်ဥက္ကလာပမြို့ကို လေယာဉ်ဝဲတာ။ လေယာဉ်ဝဲတာပဲရှိပါတယ်။ ၈၈ က စစ်တပ်က မပစ်ဘူး။ အခုက ၈၈ ထက် ပိုးဆိုတယ် ၂၀၂၁ က။ ပစ်လိုက်တာမှ ရစရာမရှိဘူး။ မဲစာရင်းမှားပါတယ်ဆိုပြီး အကြောင်းပြုပြီးတော့ လူထုအာဏာကို ဆွဲပြီးသိမ်းလိုက်တဲ့ ကိစ္စတစ်ခုမှာ… နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းနေတာပဲ။ ကျွန်တော်တို့ ဒီစစ်ကောင်စီကို ဘယ်လိုထောက်ခံပေးလို့ရမှာလဲ။”
“မြသွဲ့သွဲ့ခိုင်ကို နေပြည်တော်မှာ စပြီးပစ်သတ်လိုက်ကတည်းက စစ်တပ်ရဲ့ ပစ်ချက်တွေက ယနေ့အချိန်အထိပဲ…။ ပြည်သူလူထုက ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြနေတာပါ။ အဲ့ဒီအချိန်မှာ စစ်တပ်ကစပြီး အကြမ်းဖက်စဖြေရှင်းတာ…။ ယနေ့ပြည်သူက စစ်တပ်ကို မထောက်ခံဘူးဆိုတာ ဒါပဲ။ ကျွန်တော်တို့က ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်ထားတဲ့ အစိုးရတစ်ရပ်ကို မျှော်လင့်တယ်။ ဒါပေမဲ့ ယနေ့သွားနေတဲ့ နိုင်ငံရေးပုံစံအရ ယနေ့ဖြစ်နေတဲ့ တိုင်းပြည်အနေအထားအရ ဘယ်လိုမှမျှော်လင့်လို့ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မထင်ဘူး။”
ဒါကတော့ မန္တလေးမြို့မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးပြောပြသွားတာပါ။
အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုက ကိုမြတ်ကျော်က စစ်ကောင်စီတပ်ဟာ နိုင်ငံသယံဇာတတွေကနေ ရတဲ့ ပိုက်ဆံတွေနဲ့ လက်နက်တွေဝယ်ပြီး ပြည်သူတွေကို သတ်နေတာ နာကျင်ခံစားရတယ်လို့ ပြောပါတယ်။
လေယာဉ်တွေ၊ သေနတ်တွေကို တိုင်းပြည်ကရတဲ့ သယံဇာတတွေထဲကနေ ဝယ်ယူပြီး ပြည်သူတွေကို ပြန်ပြီး မတရားသတ်ဖြတ်နေတယ်။
“လေယာဉ်တွေ၊ သေနတ်တွေကို ဒါတွေကို ကျွန်တော်တို့ရတဲ့ အခွန်ငွေထဲကနေ၊ ကျွန်တော်တို့ တိုင်းပြည်ကရတဲ့ သယံဇာတတွေထဲကနေ ဝယ်ယူပြီး ကျွန်တော်တို့ပြည်သူတွေကို ပြန်ပြီး မတရားသတ်ဖြတ်နေတယ်။ ဥပဒေစကားတွေနဲ့ ပြောတာဆိုရင် စစ်ရာဇဝတ်မှုကျူးလွန်တာ၊ လူမျိုးတုံးသတ်ဖြတ်တာအထိ ရောက်နေတာကို ကျွန်တော်တို့ မြင်ရတယ်။ နာကျင်ရတယ်။ ခံစားရတယ်။”
မြန်မာပြည်သူတွေကတော့ နှစ်သစ်မှာ စစ်မီးတွေချုပ်ငြိမ်းပြီး နိုင်ငံအတွင်း နေထိုင်ကြသူအားလုံး လူ့အခွင့်အရေး အပြည့်အဝရတဲ့ တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ မျှော်လင့်နေကြကြောင်း ပြောကြပါတယ်ရှင်။