ပေါက်မြို့နယ် ရွာငါးရွာက နေအိမ် ၉၀ ကျော် မီးရှို့ခံရ
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းအထိ ငါးရက်အတွင်း ရွာငါးရွာက နေအိမ် ၉၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ ပြစ်တဲရွာက နေအိမ် ၁၁ လုံး၊ စမ်းရေခုံရွာက နေအိမ် ၄၇ လုံး၊ ဇင်းရွေးခုံရွာက နေအိမ် ငါးလုံး၊ ပတော်ကန်ရွာက နေအိမ် ၂၇ လုံး အပါအဝင် သီးခြောက်ရွာ စာသင်ကျောင်းနဲ့ တဲအိမ်တစ်ချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ပခုက္ကူမြို့ဘက်ကနေ စစ်ကား ငါးစီးနဲ့လာတဲ့ စစ်ကောင်စီတပ်သားအင်အား ၈၀ ခန့်ဟာ ပေါက်မြို့နယ် ကျသိုက်ရွာကို စတင်ဝင်ရောက်စီးနင်းပြီးနောက် ရွာစဉ်တစ်လျှောက် စစ်ကြောင်းထိုး မီးရှို့နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သီးခြောက်ရွာ စာသင်ကျောင်းနဲ့ အဆောက်အအုံကို မီးရှို့သွားတယ်။ စစ်ကြောင်းက မနေ့ညမှာ ပတော်ကန်ရွာမှာ ညအိပ်သွားတယ်။ စခန်းချတယ်။ ဒီမနက်ရောက်တော့ လည်း ရွာကိုမီးရှို့ပြီး ပြန်ထွက်သွားတယ်"
အဲဒီမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမကြာခဏဖြစ်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေ ခိုအောင်းနေတယ်လို့ သံသယရှိတဲ့ရွာတွေကို နယ်မြေရှင်းလင်းတဲ့ ပုံစံမျိုး ဝင်ရောက်မီးရှို့တာလို့ သူကဆိုပါတယ်။
လက်ရှိ ဝင်ရောက်တဲ့စစ်ကြောင်းက အရင်စစ်ကြောင်းတွေထက် ရွာတွေဝင်ခါနီးမှာ လက်နက်ကြီးကို ပိုမိုအသုံးပြုပစ်ခတ်လေ့ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ကျားပစ်ကန်ရွာသား တစ်ဦးက ပြောပါတယ်။
"အခုစစ်ကြောင်းကတော့ တကယ့်ကို စစ်ကြောင်းဗျ။ ဗျူဟာကောင်းကောင်းနဲ့ကို ပါတယ်ဗျ။ လွန်လွန်းတယ်။ သူတို့သုံးလိုက်တဲ့ ကျည်အားက ပြည်သူရော ကျန်တဲ့ အဖွဲ့အစည်းပါ အနားမကပ်နိုင်အောင်သုံးတာ။ တစ်ရွာဝင်ပြီလားဆိုရင် လက်နက်ကြီး သုံးတာက အစိတ်သုံးဆယ်လောက်ကို ရှိမှာ"
စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် လက်ရှိအချိန်အထိ သီးခြောက်၊ သရဖီ၊ ကိုင်းလယ်၊ လယ်လမ်း၊ ပြစ်တဲ၊ ဇင်းရွေးခုံ စတဲ့ရွာတွေ အပါအဝင် ၁၀ ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကဆိုပါတယ်။ ထွက်ပြေးနေရတဲ့ ဒေသခံ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါသေးပါဘူး။
သုတေသနအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျုဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်နီးပါး အတွင်း မကွေးတိုင်းက နေအိမ်နဲ့အဆောက်အအုံ ၁၁,၃၁၁ လုံးထက်မနည်း မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် မကွေးတိုင်းက ဒေသခံ ၁၁၈,၂၀၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေး နေရပါတယ်။