မြိုင်မြို့နယ် မကြီးလေးပင်နဲ့ ကန်နက်ရွာက နေအိမ် ၁၀၀ ခန့် မီးရှို့ခံရ
2022.12.30
မကွေးတိုင်း၊ မြိုင်မြို့နယ်က မကြီးလေးပင်ရွာနဲ့ ကန်နက်ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက ဒီဇင်ဘာ ၂၉ ရက် မနေ့က ဝင်ရောက်လာပြီးနောက် နေအိမ် ၁၀၀ ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၈၀ နီးပါးရှိတဲ့ အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်ထဲက ရွာတွေမှာ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေတာဖြစ်ပြီး မကြီးလေးပင်ရွာကို မနေ့က မနက်ပိုင်းနဲ့ ကန်နက်ရွာကို နေ့လယ်ပိုင်းဝင်ရောက်လာချိန်မှာ ရွာနှစ်ပေါင်း နေအိမ် ၁၀၀ ခန့် မီးရှို့ခံခဲ့ရတာလို့ မကြီးလေးပင်ရွာက အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
"ရွာအနီးမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဒီအတိုင်း နယ်မြေရှင်းလင်းရေးအနေနဲ့ ရွာတွေကို ဝင်စီးတာ။ ပြီးတော့ အိမ်တွေကို မွှေနှောက်ရှာဖွေလို့ အားရတော့ အိမ်တွေကို မီးရှို့တယ်။ နှစ်ရွာပေါင်းက တစ်ရာနီးပါး ပျက်စီးသွားတယ်။ အိမ်၊ နွားတင်းကုပ်၊ မီးဖိုချောင်၊ အကုန်နီးပါး ပြာကျသွားပြီ"
အိမ်ခြေ ၁၅၀၊ လူဦးရေ ၄၀၀ နီးပါး နေထိုင်တဲ့ မကြီးလေးပင်ရွာဟာ ဒုတိယအကြိမ် မီးရှို့ခံရတာဖြစ်ပြီး အိမ်ခြေ ၁၂၀၊ လူဦးရေ ၃၀၀ကျော် နေထိုင်တဲ့ ကန်နက်ရွာကတော့ တတိယကြိမ်မြောက် မီးရှို့ခံရတာလို့ ဆိုပါတယ်။
မနေ့က ညနေပိုင်းမှာပဲ ရွာကနေ စစ်ကြောင်းတွေ ပြန်ထွက်သွားပေမယ့် လုံခြုံမှု မရှိသေးတာကြောင့် ဒေသခံတွေ အိမ်မပြန်ရဲသေးဘဲ နီးစပ်ရာ ရွာတွေနဲ့ တောင်ယာတွေ မှာပဲ ဆက်လက်နေထိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို ဝင်ရောက် မီးရှို့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အိမ်တွေကို မီးရှို့တာ သူတို့တပ်ဖွဲ့ဝင်တွေမဟုတ်ဘူးလို့ RFA ကို ငြင်းဆိုထားဖူးပါတယ်။
စစ်ကောင်စီလက်အောက်ခံ မကွေးတိုင်းပြောရေးဆိုခွင့်ရှိသူဆီကို RFA က ဆက်သွယ် ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ စာရင်းအရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။