စဥ့်ကူးမှာ နေအိမ် ငါးဆယ်ခန့်ကို ပျူစောထီးအဖွဲ့တွေ မီးရှို့ခဲ့ကြောင်း ဒေသခံတွေပြော

RFA Burmese
2024.05.18
စဥ့်ကူးမှာ နေအိမ် ငါးဆယ်ခန့်ကို ပျူစောထီးအဖွဲ့တွေ မီးရှို့ခဲ့ကြောင်း ဒေသခံတွေပြော မီးရှို့ဖျက်ဆီးခံရသည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် စဉ့်အိုးကျွန်းရွာမှ နေအိမ်အချို့ကို ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာအုပ်စု၊ စဥ့်အိုးကျွန်းရွာကို မေလ ၁၇ ရက်နေ့ညပိုင်းမှာ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်ငါးဆယ်ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသာယာရွာမှာ အခြေစိုက်ထားတဲ့ ပျူစောထီးတပ်စခန်းက အင်အားငါးဆယ်ဝန်းကျင်ဟာ စဥ့်အိုးကျွန်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ညဘက်ကြီးကို သေနတ်တွေဖောက်ပြီး ဝင်ချလာတာပေါ့။ အရပ်သားတွေလည်းက ကြောက်ကြောက်နဲ့ ပြေးတဲ့သူက ပြေးပေါ့။ တချို့ သက်ကြီးရွယ်အိုလောက်ပဲ ကျန်မယ် ရွာထဲမှာက။ တစ်ညလုံးပဲ မနက်လင်းခါနီးအထိ မီးကလောင်နေတာ။ လူထိခိုက်တာမျိုးတော့ လောလောဆယ် မကြားရသေးဘူး"

ပျူစောထီးအဖွဲ့တွေ ဝင်ရောက်လာချိန် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ရွာထဲမှာ သက်ကြီးပိုင်းအချို့သာ ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

စဥ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းတွေကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်တာ ခပ်စိပ်စိပ်ဖြစ်လာသလို စစ်ကောင်စီဘက်ကလည်း ရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်တာ၊ စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ မကြာခဏလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့ကလည်း စဥ့်ကူးမြို့နယ် ဝါးပိုးချပ်ရွာက စစ်ကောင်စီတပ်စခန်းကို မန္တလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။