မြင်းမူမှာ ပြည်သူလေးဦးအသတ်ခံရပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို ဖေဖော်ဝါရီ ၂၆ ရက်က အင်းအား ၁၂၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ဘုန်းကြီးကျောင်း သုံးကျောင်းနဲ့ နေအိမ်သုံးလုံးကို မီးရှို့ခဲ့တဲ့အပြင် လူလေးဦးကိုပါ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူတွေဟာ ညောင်ပင်ကန်ရွာကနေ ဓားစာခံလမ်းပြအဖြစ် ဖမ်းခေါ်လာတဲ့ အသက် ၁၆ နှစ်ဝန်းကျင် လူငယ်နှစ်ဦးနဲ့ ကန်တော်ရွာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ်ဦးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ညောင်ပင်ကန်ရွာက လမ်းပြအနေနဲ့ဖမ်းလာတဲ့ လူငယ်နှစ်ယောက်ရဲ့အလောင်းကို ရွာအစွန်က ဘုရားတစ်ခုမှာ ခေါင်းတခြား၊ ကိုယ်တခြား တွေ့တယ်။ တစ်ကိုယ်လုံး ခုတ်ထစ်ထားတာ။ နောက်နှစ်ယောက်က ရွာထဲတိုက်ပွဲဖြစ်ပြီး မိသွားတာ။ ရွာထဲ ဆေးခန်းတစ်ခုရှေ့မှာ ခေါင်းတခြား၊ ကိုယ်တခြား အလောင်းတွေကို ပြန်တွေ့တာပေါ့"
မနက် ၁၀ နာရီဝန်းကျင် ရွာထဲကို စစ်ကြောင်းဝင်လာချိန် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ဒဏ်ရာနဲ့ဖမ်းမိသွားတဲ့ အသက် ၂၀ နဲ့ ၃၀ အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကိုပါ ရက်ရက်စက်စက်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အလောင်းတွေကို မနေ့ည ခြောက်နာရီဝန်းကျင်မှာ ပြန်တွေ့ခဲ့ပြီး စစ်ကြောင်းကတော့ ဖေဖော်ဝါရီ ၂၇ ရက်၊ မနက်ပိုင်းမှာမှ ရွာထဲကနေ ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၂၇ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးမှာ သေဆုံးခဲ့ရတဲ့ ပြည်သူ ၃,၀၃၀ ဦး ရှိပါပြီ။