မြောင်မြို့နယ် မြစ်ဆုံရွာမီးရှို့ခံရ၊ သံဃာတစ်ပါး ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နဲ့ ၁၂ မိုင်အကွာ မြစ်ဆုံရွာကို စစ်ကောင်စီတပ်တွေ မနေ့ညက ညအိပ်ဝင်ရောက်လာပြီး ဒီနေ့ မနက် ၇ နာရီ ၁၅ မိနစ်ကစလို့ မီးရှို့ဖျက်ဆီးနေတာကြောင့် အိမ်ခြေ ရှစ်ရာနီးပါးရှိတဲ့ အဲဒီရွာဟာ တစ်ရွာလုံး ကုန်တော့မယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နှလုံးရောဂါအခံရှိတဲ့ မြစ်ဆုံရွာဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါးလည်း နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ မြင်ရပြီး ဒီမနက်ပိုင်းမှာပဲ ပျံလွန်တော်မူသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ဆုံရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဆရာတော်က နှလုံးရောဂါ အခံရှိတယ်။ မီးရှို့တာတွေ မြင်ကြားရပြီးတော့ စိတ်မကောင်းဖြစ်တယ် ထင်ပါတယ်။ ဒီမနက်ပဲ ပျံလွန်တော်မူသွားပြီ။ ကျမတို့ တစ်ရွာလုံးကတော့ ရွာထဲမှာ မရှိတော့ဘူး။ အကုန်လုံး ထွက်ပြေးလာပြီး ရွာမီးရှို့တာကို အခုထိုင်ကြည့်နေရတယ်။ အခုချိန်အထိလည်း ရှို့နေတုန်းပဲ။ တစ်ရွာလုံးနီးနီး ကုန်နေပြီ"
စစ်ကောင်စီတပ်တွေဟာ မနေ့ညပိုင်း ရွာထဲကိုဝင်ကတည်းက လက်နက်ကြီး ပစ်သံ ၁၄၊ ၁၅ ချက် ကြားရတယ်လို့လည်း ဆိုပါတယ်။
မြစ်ဆုံရွာဟာ ပြီးခဲ့သည့် လေးလဝန်းကျင်ကလည်း ပထမအကြိမ်အဖြစ် နေအိမ်ရှစ်လုံး မီးရှို့ခံခဲ့ရပြီး အခုက ဒုတိယအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုဝင်လာတဲ့ စစ်ကြောင်းဟာ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသဘက်က ဝင်လာတဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာ ခုနစ်ရွာခန့်ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ လ ၇ ရက်နေ့ကနေ နိုဝင်ဘာလ ၉ ရက်နေ့အထိ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက လူနေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေက မလုပ်ဘူးလို့ RFA က ပြီးခဲ့တဲ့ ဇွန်လထဲ ဆက်သွယ်မေးမြန်းချိန်မှာ စစ်ကောင်စီပြောခွင့်ရသူက ငြင်းဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေ အရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထိ နေအိမ်ပေါင်း ၂၈,၄၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၂၀,၁၅၃ လုံးနဲ့ အများဆုံး ဖြစ်သလို မကွေးတိုင်းက ၅,၄၁၈ လုံးနဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ ထုတ်ပြန် ထားပါတယ်။