ကလေးမြို့နယ် သာစည်ရွာက နေအိမ် ၁၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2023.08.20
ကလေးမြို့နယ် သာစည်ရွာက နေအိမ် ၁၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ကျေးရွာတစ်နေရာအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ရွာကို စစ်ကောင်စီတပ်က စီးနင်းတပ်စွဲထားပြီး ရွာထဲက နေအိမ် ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ သာစည်ရွာကို သြဂုတ်လ ၁၆ ရက်နေ့ ကတည်းက တပ်စွဲခဲ့တာပါ။

အဲဒီအချိန်ကနေ ဒီကနေ့ သြဂုတ်လ ၂၀ ရက် ဒီကနေ့အထိ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေမီးရှို့နေတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"မီးရှို့တာက တွေသမျှအိမ်တိုင်းကို ရှို့တဲ့ပုံတော့ မတွေ့ရဘူး။ လေးကွက်ကျားပုံစံ တွေ့ရတယ်။ မီးခိုးထွက်လာတဲ့ ပုံစံကို ကြည့်ရတာပေါ့လေ။ ဒေသခံတွေကတော့ စစ်ကြောင်းထိုးလာတဲ့ သတင်းကြားကတည်းက ပြေးကြတာပေါ့"

စစ်ကောင်စီတပ်က အခုချိန်အထိ သာစည်ရွာမှာရှိနေတဲ့အတွက် ရွာဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရပါတယ်။ နေရပ်မပြန်နိုင်သေးတဲ့အတွက် ရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မီးရှို့ခံရမှုဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ သြဂုတ်လ ၈ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၇,၅၀၃ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အချက်အလက်တွေအရလည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ခုနစ်သိန်းခွဲကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။