မုံရွာမြို့မှာ တရုတ်အလံကို မီးရှို့ဆန္ဒပြ
2023.05.11

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်မီးပွိုင့်မှာ မုံရွာလူငယ်များအစည်းအရုံးက တရုတ်နိုင်ငံအလံကို မီးရှို့ပြီး မေလ ၁၁ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်နိုင်ငံက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတာကို ဆန့်ကျင်တဲ့အနေနဲ့ အခုလို တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြခဲ့ကြတာလို့ မုံရွာလူငယ်များအစည်းအရုံးဥက္ကဋ္ဌ ကိုစွမ်းထက်ဘိုက RFA ကို ပြောပါတယ်။
"တရုတ်အစိုးရဟာ မြန်မာနိုင်ငံက ဖက်ဆစ်စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်နေတဲ့အကြောင်း ကမ္ဘာကသိစေချင်တာတစ်ခုတည်းကြောင့် တရုတ်အလံကိုမီးရှို့ပြီး ဒီကနေ့ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တာပါ၊ ကျွန်တော်တို့ မုံရွာလူငယ်များအစည်းအရုံးတစ်ဖွဲ့တည်းပါ"
ဒီလှုပ်ရှားမှုကို လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ လုပ်ဆောင်ခဲ့ရတာလို့လည်း သူကပြောပါတယ်။
မုံရွာလူငယ်များအစည်းအရုံးကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး မုံရွာမြို့နယ်ရဲ့ နေရာအနှံ့မှာ တော်လှန်ရေးလူငယ်အင်အားစုတွေနဲ့ သပိတ်လှုပ်ရှားမှုတွေ ကို ပြုလုပ်နေတဲ့အဖွဲ့တစ်ခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံအပြီးမှာ ရန်ကုန်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေ မှာ အခုလို တရုတ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာနေတာလည်း ဖြစ်ပါတယ်။