ရွှေကူ ဆင်တပ်ရွာ မြစ်ဆိပ်မှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေ့

RFA Burmese
2023.09.21
ရွှေကူ ဆင်တပ်ရွာ မြစ်ဆိပ်မှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေ့ ရွှေကူမြို့ သင်္ဘောဆိပ်မှ ဗန်းမော်သို့ ဆန်တက်လာသည့် စစ်သင်္ဘောတစ်စင်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
Screenshot: Myo Hla PDF

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဆင်တပ်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းမှာ စက်တင်ဘာ ၂၀ ရက်နေ့က နှိပ်စက်ညှဉ်းပန်းပြီး မီးရှို့ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ရွှေကူမြို့နယ် ရေလဲရွာက အသက် ၃၀ အရွယ် ကိုစောဖြစ်ပြီး ရွှေတွင်း လုပ်သားတစ်ဦးလို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မန္တလေးကနေ ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ခြောက်စင်းဟာ စက်တင်ဘာ ၁၈ ရက်နေ့က ရွှေကူမြို့နယ် ရေလဲရွာကို ကမ်းကပ်ပြီး စစ်သားတွေ ရွာထဲ စီးနင်းဝင်ရောက်ချိန်မှာ ကိုစော အဖမ်းခံခဲ့ရတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ကိုစောရဲ့ နေအိမ်က သေတ္တာထဲမှာ PDF ဝတ်စုံတစ်စုံကို တွေ့ရှိတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးပြီး နောက်နှစ်ရက်အကြာမှာပဲ အလောင်းကို မြစ်ထဲမှာ ပြန်တွေ့ရတာလို့ ရုပ်အလောင်းကိုတွေ့ရှိခဲ့သူ ဆင်တပ်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“အသတ်ခံရတဲ့သူက ခြေထောက်တစ်ဖက်နဲ့ လက်တစ်ဖက် သိပ်မသန်ဘူး။ မျက်စိလည်း သိပ်မကောင်းဘူး။ ရွှေတွင်းမှာ ထိထားတာ။ ရွာထဲ စစ်သားတွေဝင်လာတော့ သူက မသန်စွမ်းဆိုတော့ သူများတွေလို မပြေးနိုင်ဘူး။ နောက်တစ်ခု မသန်စွမ်းဆိုတော့ မဖမ်းလောက်ဘူးဆိုပြီး သူက အိမ်မှာပဲ နေနေတာ။ လူတွေ့တော့ စစ်သားတွေက ဝင်ရှာရင်း သူ့အိမ်က သေတ္တာထဲမှာ သူ့ယောက်ဖရဲ့ PDF ဝတ်စုံကို တွေ့ သွားတာ။ သူက အဲဝတ်စုံ ရှိမှန်းတောင် မသိဘူး။ စစ်သားတွေက တွေ့တော့ သူ့ကို တစ်ခါတည်းဖမ်းဆီး၊ ဓားတွေနဲ့ ထိုးမွှေခေါ်သွားပြီး နောက် မီးရှို့သတ်လိုက်တာပေါ့။ ခြေထောက်တွေမှာလည်း တော်တော်ရိုက်နှက်ထားတာ ကြေမွနေပြီ အလောင်းကို ပြန်တွေ့တော့”

သူဟာ အရင်က ရွှေကူမြို့နယ်ထဲက ရွှေတူးဖော်ရေးလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်ခဲ့ပြီး မတော်တဆမှုကြောင့် ခြေလက်အင်္ဂါ မသန်စွမ်းဖြစ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကတော့ ကိုစောကို ဖမ်းဆီးချိန်မှာ စစ်ကောင်စီတပ်သားတွေက လက်ပြန်ကြိုးတုပ်၊ ရိုက်နှက်ပြီး ဖမ်းခေါ်သွားတာလို့ ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မန္တလေးကနေ စတင်ထွက်ခွာလာတဲ့ စစ်သင်္ဘောခြောက်စင်းဟာ စက်တင်ဘာ ၁၇ ရက်နေ့က အင်းတော်မြို့နယ် တုပ်ကြီးရွာနား မရောက်ခင် လမ်းခုလတ်မှာ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

အဲဒီလို တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာပဲ စစ်သင်္ဘောတွေ ကမ်းကပ်လာ၊ စစ်သား နှစ်ရာခန့် ကမ်းပေါ်တက်လာပြီး တုပ်ကြီးရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ရွာသား ခုနစ်ဦးကို ပစ်သတ်ပြီး နေအိမ် ၄၅ လုံးကို မီးရှိ့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရွှေကူမြို့ကို ရောက်လာပြီး ကိုစောတို့ နေထိုင်တဲ့ ရေလဲရွာကို ဝင်ရောက်စီးနင်းခဲ့တာပါ။ ဧရာဝတီမြစ်ထဲမှာရှိတဲ့ ရွှေတူးဖော်နေတဲ့ ရွှေဖောင်နဲ့ သံခွန်စက်လှေ ၁၀ စင်းကျော်ကိုလည်း KIA နဲ့ PDF တွေကို ထောက်ပံ့တယ်၊ ခိုလှုံခွင့်ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီစီးနင်းမှုကြောင့် ရေလဲရွာက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို ဖုန်းခေါ်ခဲ့ပေမယ့် လုံခြုံရေးကိစ္စတွေ သူနဲ့ မသက်ဆိုင်ဘူးလို့သာ တုံ့ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။