ခရီးသည်တွေ မှတ်ပုံတင်အပြင် နေရပ်လိပ်စာအတိအကျပါ ပေးနေရ
အဝေးပြေးယာဉ်လိုင်းတွေနဲ့ နယ်ဝေးသွားတဲ့ ခရီးသည်တွေအနေနဲ့ မှတ်ပုံတင်သာမကပဲ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ် အပြည့်အစုံ မှတ်တမ်းပေးပြီးမှသာ ခရီးသွားလက်မှတ် ဝယ်ယူလို့ရနေတယ်လို့ ခရီးသွားသည်က ပြောပါတယ်။
ဩဂုတ်လ၂၀ ရက်မနေ့က ရန်ကုန်ကနေ မြစ်ကြီးနားကို ခရီးသွားဖို့ လက်မှတ်ဝယ်ယူတဲ့ အခါ မှတ်ပုံတင်သာမက တည်းခိုမယ့်နေရာ၊ အိမ်နဲ့၊ ဖုန်းနံပါတ်တွေပါ ပေးခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ခရီးသွားတစ်ဦးက RFA ကို ပြောပါတယ်။
"အရင်ကဆို ဖုန်းနံပါတ်တောင်းတယ်၊ မှတ်ပုံတင်တောင်းတယ်။ ဒါက ပုံမှန်ပါပဲ။ အခုတော့ နေရပ်လိပ်စာပါ တောင်းတာ။ ဘယ်မှာတည်းမှာလဲ။ ဟိုတယ်လား၊တည်းခိုခန်းလား။ အဲလိုမဟုတ်ဘူး အိမ်ဆိုရင်တော့ လိပ်စာအတိအကျပါ ထည့်ပေး ရတယ်။ ညဘက် တံတားဦးမှာ ညအိပ်တယ်။ မနက် ကားပေါ်ပြန်တက်တော့ မှတ်ပုံတင်ပြခိုင်းပြီးမှ ပေးတက်တယ်။ ကျနော် ကြားတာတော့ ယာဉ်လိုင်းတွေကို အထက်က ညွှန်ကြားထားလို့တဲ့"
အခုနောက်ပိုင်း မှတ်ပုံတင်တစ်ခုကို လက်မှတ်တစ်စောင်သာ ဝယ်ယူလို့ရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ စီမံကိန်းဦးစီးဌာနက ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်စွဲနဲ့ ခရီးသွားတွေကို နာမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်အပြည့်အစုံ ရယူပြီးမှသာ ရောင်းချဖို့ ညွှန်ကြားထားပါတယ်။