ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလို့ သက်ရှည်ကန်ရွာ ဒေသခံ ၅၀၀ ကျော်ထွက်ပြေး
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သက်ရှည်ကန်ရွာကို ဝင်ရောက်စီးနင်းလို့ အရပ်သား ၅၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သက်ရှည်ကန်ရွာထဲကို နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
“နေ့ခင်းဘက်တော့ ရွာနားကပ်လို့ရပေမယ့် ညပိုင်း မအိပ်ရဲသေးလို့ ရွာပြင်ထွက် အိပ်နေရတယ်။ အခုထိ ရွာထဲပြန်မဝင်နိုင်သေးလို့ တောထဲမှာအိပ်နေရတယ်။ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ တော်တော်များများပါတော့ ဖျားနာတာအတွက် ဆေးဝါးတွေ အခက်အခဲတွေတော့ရှိတယ်”
စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းချိန်မှာ ဒေသခံ PDF တပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“လက်နက်အင်အားမမျှတော့ နှစ်ချက်၊ သုံးချက်ပစ်ပြီး ပြေးရတာပေါ့။ ရွာကလူတွေ ထွက်ပြေးနိုင်လို့ရအောင်ပဲ ကာပစ်လိုက်ရတဲ့ သဘောပဲ။ အဲဒီအချိန်မှာ ထိမှန်ပြီး သေဆုံးသွားတာပါ။ ကျနော်တို့ကတော့ ခေါင်းဆောင်နဲ့ ရဲဘော်တစ်ဦး ပေးဆပ်လိုက်ရတယ်ပေါ့ဗျာ”
သက်ရှည်ကန်ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မီးတောက်နဲ့ အဖွဲ့ဝင် မျိုးသူဝင်းတို့ သေဆုံးခဲ့တာလို့ သူက ပြောပါတယ်။
ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။