ဘူးသီးတောင်မြို့သိမ်းဖို့ AA ကြိုးပမ်းနေကြောင်း ဒေသခံတွေ ပြော
2024.05.17
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကို သိမ်းယူဖို့ ကြိုးစားနေတဲ့ ရက္ခိုင့်တပ်တော် (AA) က မြို့မှာ ကျန်နေတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတွေကို မေလ ၁၇ ရက်နေ့ညပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်မှာ AA က ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ထွက်ပြေးတိမ်းရှောင်နေရင်း RFA ကိုပြောပါတယ်။
"ဘူးသီးတောင်မှာက ဗျူဟာအပြင် အဲဒီနားက တပ်ရင်းနှစ်ခုကျန်သေးတယ်၊ အဲဒီတပ်ရင်းတွေကလည်း ဗျူဟာမှာ စုသွားပြီလို့လည်း ကြားတယ်၊ အဲတာကြောင့် ဗျူဟာကို ဝင်တိုက်တာ ထင်တယ်၊ မြို့ထဲမှာလည်း ဒရုန်းတွေနဲ့ ပစ်တာခတ်တာတွေရှိတယ်လို့ ကြားရတယ်၊ စကစဘက်ကလည်း မွတ်စလင်ရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာရှိတယ်၊ လေယာဉ်တွေနဲ့ ပစ်တာလည်းရှိတယ်"
ဘူးသီးတောင်ကနေ မောင်တောမြို့ကိုသွားတဲ့လမ်းပေါ်က ဘူးသီးတောင်ဗျူဟာလက်အောက်မှာရှိတဲ့ ခလရ (၂၃၃) အပါအဝင် တခြားတပ်ရင်းတွေကိုလည်း AA က သိမ်းထားပြီး မေလ ၁၇ ရက်နေ့မှာလည်း ဗျူဟာအနီးက အမြောက်တပ်ကို AA က ထိုးစစ်ဆင်နေတယ်လို့ သတင်းကြားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ ဘူးသီးတောင်မြို့ပေါ်မှာ ရိုဟင်ဂျာ နှစ်သိန်းကျော်ရှိပြီး မြို့ပေါ်နေထိုင်သူတွေကို မေလ ၁၈ ရက်နေ့မနက် ၁၀ နာရီနောက်ဆုံးထားပြီး မြို့ကနေ ထွက်ခွာဖို့ AA က သတိပေးထားတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က စာထုတ်ထားပါတယ်။
လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး AA က သတင်းထုတ်ပြန်တာမရှိသေးသလို ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်မဖြေသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာမရှိသလို လက်ရှိဘူးသီးတောင်မြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေခက်ခဲနေတာကြောင့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဘူးသီးတောင်မြို့မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အကျဥ်းထောင်ရဲ့ ထောင်သက်တမ်း ခုနစ်နှစ်အောက် အကျဉ်းကျခံနေကြရသူ ၃၈၄ ဦးကို မေလ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်လိုက်တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒီအခြေအနေကိုလည်း RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။
ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တပ်မဌာနချုပ်စခန်းနဲ့ လက်အောက်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ (၅၆၅)နဲ့ ခမရ (၅၅၁) စတဲ့ တပ်ရင်းတွေကို သိမ်းယူခဲ့ပြီး ကျန်ရှိနေတဲ့ တပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကစတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့မြို့နယ်ကိုးခုကို AA က သိမ်းပိုက်ထားတာပါ။