မောင်တောမှာ အဖမ်းခံရတဲ့ ရွာအုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦး အဆက်အသွယ်မရ

2022.08.09
Share on WhatsApp
Share on WhatsApp
မောင်တောမှာ အဖမ်းခံရတဲ့ ရွာအုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦး အဆက်အသွယ်မရ ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကတည်းက စစ်ကောင်စီ တပ်က ဖမ်းဆီးသွားတဲ့ ကြိမ်ချောင်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံနှစ်ဦး ဒီနေ့အထိ အဆက်အသွယ် မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

အဖမ်းခံထားရတဲ့ ကြိမ်ချောင်းရွာ အုပ်ချုပ်ရေးမှူး ဦးဘုန်းကံနိုင် (ခ) ဦးကိုကိုအောင်၊ ဦးထွန်းချေနဲ့ ဦးထွန်းအေးကြိုင်တို့ကို မိသားစုတွေက အခုချိန်အထိ ဆက်သွယ် မရတာကြောင့် စိုးရိမ်နေတယ် လို့ ဦးထွန်းချေရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ဖမ်းသွားကတည်းက အခုအချိန်ထိ အဆက်အသွယ်မရပါဘူး။ သူတို့ကို ဘယ်မှာ ထားလဲ၊ သူတို့ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ မသိရဘူး။ အကုန်လုံးက စိုးရိမ်ပူပန်နေကြတယ်"

ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပြီးနောက် သူတို့အားလုံးကို နေအိမ်တွေကနေ လာဖမ်းပြီး နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၇) တပ်ရင်းထဲကို ခေါ်သွားတာလို့ ဆိုပါတယ်။

အဖမ်းခံရသူတွေဟာ AA နဲ့ ဆက်စပ်တာမရှိသလို ကုန်စုံဆိုင်၊ ဓာတ်ဆီဆိုင်တွေရောင်းပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူတွေဖြစ်လို့ အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုဝင်တွေ က တောင်းဆိုကြောင်း ပြောကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီဘက်ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဇူလိုင်လ ၁၈ ရက်နေ့က နှစ်ဖက်တိုက်ပွဲ နှစ်ကြိမ်ဆက်တိုက်ဖြစ်ခဲ့ပြီး နယ်ခြားစောင့် တပ်သားတွေ သေဆုံးခဲ့သလို ရဲမှူးတစ်ဦး အပါအဝင် တပ်သား ၁၄ ဦးနဲ့ လက်နက် ၂၈ လက်ကို ဖမ်းဆီးရမိတယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ ဒေသခံ ၃၀ ဦးကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲ ထားတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။