အဖမ်းခံထားရတဲ့ သပိတ်ကျင်းက CDM ကျောင်းဆရာနှစ်ဦး အဆက်သွယ်မရ

2022.08.20
အဖမ်းခံထားရတဲ့ သပိတ်ကျင်းက CDM ကျောင်းဆရာနှစ်ဦး အဆက်သွယ်မရ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ထားတဲ့ ကျောင်းဆရာ ကိုကောင်းမြတ်ထွန်းကို တွေ့ရစဉ်
ဓာတ်ပုံ - ပေးပို့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ထားတဲ့ ကျောင်းဆရာ နှစ်ဦးကို စစ်ကောင်စီတပ်သားတွေ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ ကတည်းက ဖမ်းဆီးသွားပြီး ဒီနေ့ လေးရက်ကြာတဲ့အထိ အဆက်အသွယ်မရဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

CDM ကျောင်းဆရာ ကိုမိုးအောင်ချစ်ကို ဩဂုတ်လ ၁၆ ရက်နေ့ ည ၈ နာရီခွဲခန့် သပိတ်ကျင်းမြို့နယ် အုံးဇုံးအုပ်စု လိပ်ကျရွာအနားမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၂၇ ဦးက ဖမ်းဆီးခဲ့ပြီး နောက်ထပ် ဆရာ ကိုကောင်းမြတ်ထွန်း ကတော့ ည ၁၀ နာရီခွဲမှာ အဖမ်းခံလိုက်ရတာလို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

"ဘယ်ခေါ်သွားတယ်တော့ မကြားဘူး။ နီးစပ်ရာစုံစမ်းတော့ စစ်ကြောရေး ရောက်နေတာလိုလို သိရတယ်ပေါ့"

ဖမ်းဆီးခံလိုက်ရတဲ့ ဆရာ ကောင်းမြတ်ထွန်းဟာ အသက် ၂၃ နှစ်အရွယ်ရှိသူဖြစ်ပြီး အရင်က လိပ်ကျရွာမှာ တွဲဖက် အထက်တန်းကျောင်းဆရာအဖြစ် တာဝန်ယူခဲ့တယ်လို့ ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆရာ မိုးအောင်ချစ်ကတော့ မန္တလေးတိုင်း၊ တွင်းငယ်မြို့နယ်၊ အုပ်ရှစ်ကုန်းရွာက အခြေခံ ပညာမူလတန်းကျောင်း (အမက) မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး နှစ်ဦးစလုံးဟာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက CDM မှာ ပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးနေသလို CDM မှာ ပါဝင်နေသူတွေ ကိုလည်း လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။